UKZ Film Production ကနေ ထုတ်လုပ်ဖြန့်ချိသွားမယ့် “မြန်မာပေါကားတွေရပ်” ဇာတ်ကားကို မကြာခင် ရုံတင်ခွင့်ရတော့မှာဖြစ်ပြီး ရုပ်ရှင်လောကမှာ ဖြစ်တတ်တာလေးတွေကို ဟာသအမြင်နဲ့ ပြန်လည် ရိုက်ကူးထားတာပါလို့ ထုတ်လုပ်သူ လင်းဇာနည်ဇော်က ပြောပါတယ်။
“မြန်မာပေါကားတွေရပ် ဇာတ်ကားရုံတင်ဖို့ ၃ နှစ်လောက် စောင့်ထားရတာလေ။ စာမေးပွဲ အောင်သွားသလို ခံစားရတယ်။ ကျမတို့ကားကလေ ဒရာမာလည်း မဟုတ်ဘူး။ ဟာသကားစစ်လည်း မဟုတ်ဘူး။ ရုပ်ရှင်လောကမှာ ဖြစ်တတ်တာလေးတွေကို ဟာသလေးတွေ ရောပြီးတော့ စိတ်ကူးပြီး ရိုက်ကူးထားတဲ့ ကားလေးပါပဲ။ ပေါကားမဖြစ်အောင် ကြိုးစားထားတယ်လို့တော့ ပြောချင်ပါတယ်”လို့ လင်းဇာနည်ဇော်က ပြောပါတယ်။
ဒီဇာတ်ကားရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်လို့လည်း သရုပ်ဆောင် လင်းဇာနည်ဇော်က အခုလိုပဲ ဆိုပါတယ်။
“အဖေ မြတ်နိုးတဲ့ အနုပညာအလုပ်လေးကို မိသားစုတွေ အတူတူ လုပ်ကြမယ်ဆိုပြီး ဒီကားက ပိုရိုက်ဖြစ်သွားတာပါ။ ကျမတို့ ရိုက်တုန်းက ၂၀၁၇ ခုနှစ်တုန်းက ရိုက်တာ။ အဖေကဆုံးသွားတာ တနှစ်တောင် ရှိပြီ။ ဒီကားစရိုက်ကတည်းက အဖေက အိပ်ရာထဲမှာ ရှိနေတယ်။ အဖေ ဘာမှ မသိဘူးဆိုပေမယ့် အဖေ သိသိ မသိသိ ကျမတို့က အမြဲပြောပြတယ်။ အဖေမြတ်နိုးတဲ့ အနုပညာအလုပ်လေးကို မိသားစုတွေ ပျော်ပျော်ပါးပါးနဲ့ ဝိုင်းလုပ်ကြတယ် ဆိုတာပါပဲ ”လို့ လင်းဇာနည်ဇော်က ပြောပါတယ်။
ဖက်ရှင်ဆိုင်ကို ပိတ်ပြီး အစ်မဖြစ်သူ ချစ်ချစ်ဇော်နဲ့ ခေါက်ဆွဲလုပ်ငန်းကို လုပ်ကိုင်နေတဲ့ လင်းဇာနည်ဇော်က အလုပ် ၂ ခုကို တခါတည်း အတူတူ မနိုင်တဲ့အတွက် ရွှေတောင်ခေါက်ဆွဲ ရောင်းတာကိုပဲ ဦးစားပေးဖြစ်တယ်လို့ ဆိုပါတယ်။
“ခေါက်ဆွဲက ဖက်ရှင်ဆိုင်ထက် ပိုလုပ်ရတော့ ၂ ခုကို ဘယ်လိုမှ မလုပ်နိုင်တော့ဘူး။ အဲ့အတွက် ခေါက်ဆွဲပဲ လုပ်နေတယ်။ သမီးက ကျမတို့လုပ်နေတဲ့ ခေါက်ဆွဲကို မကျေနပ်ဘူး ဖြစ်နေတယ်။ ကျမတို့လုပ်တာ ကလေး ကစားနေတာနဲ့ တူတယ်။ စီးပွားရေးပုံစံ မဟုတ်ဘူး။ သမီးက သူလာရင် လုပ်ပြမယ် ပြောတာပဲ။ ဟုတ်မလားတော့ မသိဘူး”လို့ လင်းဇာနည်ဇော်က ဆိုပါတယ်။
သမီးဖြစ်သူ မြူလင်းကိုကိုက ပညာရေးအတွက် သြစတြေးလျမှာ ကျောင်းတက်နေတာဖြစ်ပြီး သမီးလေးနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။
“သမီးက ဒီလ ၁၃ ရက်နေ့ ပြန်လာမယ်။ အခု လောလောဆယ်တော့ ဇာတ်ကား ရုံတင်ဖို့ပဲ လုပ်နေတော့ တတ်နိုင်သလောက်တော့ ကူညီပေးမယ်လို့ ပြောတယ်။ သမီးလာရင်တော့ ဘာတွေလုပ်ဖြစ်မလဲ မသိသေးဘူး။ သမီးရှိတုန်းက ဖက်ရှင်ဆိုင်လေး တဆိုင် ပိတ်ထားလိုက်ပြီး ခေါက်ဆွဲ လုပ်တယ်”
“သမီးလေးက လိမ္မာပါတယ်။ အလိမ္မာကြီးလို့တော့ မပြောချင်ဘူး။ အရမ်း ဆုံးမရတာတော့ မရှိပါဘူး။ သူနဲ့ ကျမနဲ့က အမေနဲ့ သမီးဆိုတာထက် သူငယ်ချင်းလို၊ ညီအစ်မလို ပေါင်းဖြစ်တာ များတယ်”လို့ လင်းဇာနည်ဇော်က ပြောပါတယ်။
သရုပ်ဆောင် လင်းဇာနည်ဇော်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို သိပ်လုပ်ကိုင်တာ မတွေ့ရတော့ဘဲ အစ်မဖြစ်သူ ချစ်ချစ်ဇော်နဲ့ အတူ ပွဲတွေမှာ ဝါသနာအရ ရွှေတောင်ခေါက်ဆွဲ ချက်ပြုတ် ရောင်းချတဲ့ အလုပ်ကို လုပ်ကိုင် နေပါတယ်။
You may also like these stories:
“အမျှ အမျှ” ရုပ်ရှင်မှာ လူနည်းနည်းနဲ့ ရိုက်ခဲ့တာ အမှတ်တရပါပဲလို့ ခန့်စည်သူ ပြော
မိဘမေတ္တာ ဖော်ကျူးတဲ့ ရုပ်ရှင်ကားတွေကိုပဲ ရိုက်ချင်တော့တဲ့ လင်းဇာနည်ဇော်
ကျန်တဲ့ အမျှတကြိမ်ကို ပရိသတ်တွေ ခေါ်ပေးဖို့ တောင်းဆိုလိုက်တဲ့ ဒါရိုက်တာ စတီးလ်