Entertainment

Doctor Strange ဒါရိုက်တာ နုတ်ထွက်ခဲ့ခြင်းအပေါ် အံ့အားသင့်ခဲ့ကြရတဲ့ Marvel ပရိသတ်များ

Marvel Studio အနေနဲ့ နောက်ထပ်ထွက်ရှိလာမယ့် Doctor Strange ရုပ်ရှင်အတွက် အသေအချာပြင်ဆင် အားထုတ်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မင်းသား Benedict Cumberbatch အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့တဲ့ Doctor Strange ရုပ်ရှင်ဟာ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ နောက်ဆက်တွဲရုပ်ရှင် ထွက်ရှိလာမယ့် “Doctor Strange in the Multiverse of Madness” အပေါ် အတော်ကြီး မျှော်လင့်ထားခဲ့ကြတာပါ။

Marvel ရဲ့ တာဝန်ရှိပုဂ္ဂိုလ် Kevin Feige အနေနဲ့ MCU အတွက် ခြေလှမ်းပေါင်းများစွာ ပြင်ဆင်ထားခဲ့တာဖြစ်ပြီး အဲဒီထဲကမှ Doctor Strange ရုပ်ရှင်မှာ Scarlet Witch ပါ ပါဝင်လာဖို့ရှိနေကြောင်း အရိပ်အမြွက် ပြောဆိုခဲ့ဖူးတာ ဖြစ်ပါတယ်။

Doctor Strange နောက်ဆက်တွဲ ရုပ်ရှင်ဟာ Marvel ရဲ့ ပထမဆုံး Horror အမျိုးအစားဘက်အလေးသာတဲ့ ရုပ်ရှင်တကားဖြစ်ပြီး နောက်ထပ်ဒီလို ရုပ်ရှင်တော်တော်များများထုတ်လုပ်သွားဖို့လည်း ဆန္ဒရှိနေခဲ့တာပါ။

ဒါပေမဲ့ Marvel နဲ့ Doctor Strange ဒါရိုက်တာ Scott Derrickson တို့ရဲ့ မပြေလည်တဲ့ ဆက်ဆံရေးကြောင့် သူ့အနေနဲ့ ရိုက်ကူးရေးမှာ ဆက်လက် တာဝန်ယူတော့မှာ မဟုတ်ကြောင်း လွန်ခဲ့တဲ့ညကပဲ ဖွင့်ဟနုတ်ထွက်ခဲ့ပြီဖြစ်ပါတယ်။ Twitter နဲ့ တခြား လူမှုကွန်ရက် စာမျက်နှာတွေမှာ ဒီသတင်းနဲ့ ပတ်သက်ပြီး Marvel ပရိသတ်တွေကလည်း သူတို့ရဲ့ တုန့်ပြန်မှုကို အချင်းချင်း မျှဝေခဲ့ကြတာပါ။

ဖန်တီးမှုပိုင်းဆိုင်ရာ စိတ်ကူးတွေကို တဖက်နဲ့ တဖက် နားလည် လက်မခံပေးနိုင်တာကြောင့် အခုလိုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ နီးစပ်ရာ အသိုင်းအဝိုင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး Marvel Studio အနေနဲ့ နုတ်ထွက်သွားတဲ့ ဒါရိုက်တာနေရာမှာ အစားထိုးဖို့ အသည်းအသန် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

Ref. wegotthiscovered.com

Loading