ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆန္ဒပြပွဲမှာ “Joker” မင်းသား Joaquin Phoenix အဖမ်းခံရ
ရွှေကမ္ဘာလုံးဆုကို ပူပူနွေးနွေးရရှိထားတဲ့ မင်းသား Joaquin Phoenix ဟာ ဝါရှင်တန်မြို့တော်မှာ ပြုလုပ်ခဲ့တဲ့ ရာသီဥတုဆိုင်ရာ ဆန္ဒပြပွဲတခုမှာ ပါဝင်ခဲ့ပြီးတဲ့နောက် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတယ်လို့ ဆိုပါတယ်။ “Joker” မင်းသား Joaquin ဟာ ဟောလိဝုဒ် ဝါရင့်မင်းသမီး Jane Fonda စတင်ခဲ့တဲ့ အပတ်စဉ် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆန္ဒပွဲတွေမှာ ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။
Variety မီဒီယာရဲ့အဆိုအရ အသက် ၄၅ နှစ်အရွယ် မင်းသားဟာ လူ ၃၀၀ လောက် ပါဝင်တဲ့ ဆန္ဒပြသူတွေကို မိန့်ခွန်းပြောခဲ့ပါသေးတယ်။ တိုတောင်းတဲ့ သူ့ရဲ့ မိန့်ခွန်းထဲမှာ ရာသီဥတု အရေးကိစ္စမှာ တတိယမြောက် ဦးဆောင် အကြောင်းအရာဖြစ်နေတဲ့ အသားနဲ့ နို့ထွက်ပစ္စည်းထုတ်လုပ်ငန်းကို ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။
သူက “တခါတလေ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်တဲ့နေရာမှာ ဘာတွေ လုပ်နိုင်မလဲဆိုပြီး တွေးမိတယ်။ ဘာတွေ သုံးစွဲကြမယ်ဆိုတဲ့ ရွေးချယ်မှုကို လုပ်ဆောင်ပြီး ဒီနေ့နဲ့ မနက်ဖြန်မှာ ခင်ဗျားတို့ လုပ်နိုင်တဲ့ အရာ တခုခုရှိပါတယ်။ ကျနော် မရှောင်ရှားနိုင်တဲ့ အရာတွေ ရှိပါတယ်။ ကျနော် ဒီနေ့ ဒီကို လေယာဉ်စီးလာတာပါ။ ဒါပေမယ့် ကျနော် လုပ်နိုင်တဲ့အရာတခုကတော့ ကျနော့်ရဲ့ စားသောက်တဲ့ပုံစံကို ပြောင်းလဲနိုင်ပါတယ်” လို့ ဆိုပါတယ်။
မင်းသား Joaquin အပြင် ဝါရင့်ဟောလိဝုဒ်စတား Martin Sheen ကလည်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရပါတယ်။ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Maggie Gyllenhaal နဲ့ Susan Sarandon တို့လည်း ဆန္ဒပြပွဲကို တက်ရောက်ခဲ့ပါတယ်။
Capitol ရဲတပ်ဖွဲ့ကတော့ လူစုလူဝေးဖြစ်ပေါ်စေမှု၊ ပိတ်ဆို့မှု၊ နှောင့်ယှက်ပေးမှုတို့နဲ့ လူ ၁၄၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနောက် ဖမ်းဆီးခံရတဲ့ ဆန္ဒပြသူအားလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
မင်းသား Joaquin နဲ့အတူ စင်ပေါ်ကို တက်ရောက်ခဲ့တဲ့ မင်းသမီး Fonda က မင်းသားစာ ဒီနေ့ခေတ်ရဲ့ ထူးခြားထင်ရှားတဲ့ သက်ရှိထင်ရှား သရုပ်ဆောင်တဦးဖြစ်တယ်လို့ ခေါ်ဆိုခဲ့ပါတယ်။
မင်းသမီး Fonda ကတော့ အပတ်စဉ်ဆိုသလို “Fire Drill Fridays” ဆိုတဲ့နာမည်နဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရာမှာ အဓိကနေရာကနေ အနီးကပ် ပါဝင်နိုင်ဖို့ ဝါရှင်တန်မြို့တော်ကို ပြောင်းရွှေ့ခဲ့တယ်လို့လည်း ကြေညာခဲ့ပါတယ်။
အခုလ အစောပိုင်းမှာ ကျင်းပခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ မင်းသား Joaquin ဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်လို့ ပြောဆိုခဲ့ပြီး အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ဟောလိဝုဒ်မှာလည်း ပြောဆိုကြဖို့ တိုက်တွန်းခဲ့ပါတယ်။
Ref: hindustantimes
You may also like these stories:
“Joker” နောက်ဆက်တွဲရုပ်ရှင် ရိုက်ကူးဖို့ အစီအစဉ် မရှိသေးဟုဆို
လူသွားလူလာများပြီး ဓာတ်ပုံရိုက်သူတွေနဲ့ ပြည့်နေတဲ့ Joker ရုပ်ရှင်ထဲက Joker Stairs
မှန်းထားသလောက် ဝင်ငွေမရခဲ့တဲ့ “Terminator: Dark Fate” ရုပ်ရှင်