Universal နဲ့ DreamWorks တို့ရဲ့ ပထမကမ္ဘာစစ်နောက်ခံ ဒရာမာရုပ်ရှင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလနှောင်းပိုင်းမှာ ရုံတင်ခဲ့တဲ့ Disney ရဲ့ “Star Wars: Rise of Skywalker” ရုပ်ရှင်ရဲ့ ဝင်ငွေကို ကျော်တက်နိုင်ခဲ့တာတွေ့ရပါတယ်။ Disney ရဲ့ “Star Wars” ရုပ်ရှင်ဟာ ဝင်ငွေဒေါ်လာ ၁၅ သန်းရရှိခဲ့ပြီးတော့ ဒေသတွင်းမှာ စုစုပေါင်းဝင်ငွေ ၄၇၈ သန်းရရှိထားပြီး ဖြစ်ပါတယ်။
“1917” ရုပ်ရှင်ဟာ အခုနှစ် ဆုပေးပွဲရာသီမှာ လူစိတ်ဝင်စားမှု တော်တော်လေးခံရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက ကျင်းပခဲ့တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲမှာလည်း “The Irishman” နဲ့ “Marriage Story” ရုပ်ရှင်တွေကို ကျော်တက်ပြီး အကောင်းဆုံး ဒရာမာရုပ်ရှင်ဆုကို ရရှိခဲ့ပါတယ်။
ဒါ့အပြင် ဒါရိုက်တာ Mendes ဟာ အကောင်းဆုံး ဒါရိုက်တာဆုကိုလည်း ရရှိခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ကို ကြည့်ရှုကြတဲ့ ပရိသတ်တွေထဲမှာ အသက်အရွယ်ကြီးတဲ့ အမျိုးသားတွေက အများစုဖြစ်ပြီး ရုပ်ရှင်နဲ့ ပတ်သက်လို့ တော်တော်လေး စိတ်အားထက်သန်နေတာကို မြင်တွေ့ရပါတယ်။
နောက်ထပ် အော်စကာဆု မျှော်မှန်းထားတဲ့ Warner Bros ရဲ့ တရားရေးရာ ဒရာမာရုပ်ရှင် “Just Mercy” ရုပ်ရှင်ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ရုံတင်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၁၀ သန်းရရှိခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ထဲမှာ မင်းသား Jamie Foxx၊ မင်းသား Michael B. Jordan နဲ့ မင်းသမီး Brie Larson တို့ ပါဝင်ထားပြီး ကုန်ကျစရိတ် ၂၅ သန်းရှိတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။
Tiffany Haddish နဲ့ Rose Byrne တို့ရဲ့ “Like a Boss” ရုပ်ရှင်ဟာလည်း ဝင်ငွေဒေါ်လာ ၁၀ သန်း ရရှိပြီး စတုတ္ထနေရာကနေ ရပ်တည်နေတာကို တွေ့ရပါတယ်။ ဒီဇာတ်ကားက အလှကုန်ပစ္စည်းကုမ္ပဏီ ထူထောင်ဖို့ ရုန်းကန်ကြတဲ့ သူငယ်ချင်းနှစ်ယောက် အကြောင်းကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။
မင်းသမီး Kirsten Stewart ပါဝင်ထားတဲ့ သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုရုပ်ရှင် “Underwater” ဟာလည်း ဒေါ်လာ ၆ ဒဿမ ၉ သန်းနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒေါ်လာ သန်း ၅၀ ကုန်ကျထားတဲ့ အဲ့ဒီရုပ်ရှင်အတွက်တော့ တော်တော်လေးကို ဆိုးရွားတဲ့ ရလဒ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
Ref. Reuters