Entertainment

တော်ဝင်မိသားစုမှ မင်းသား ဟယ်ရီ နုတ်ထွက်မယ့်ကိစ္စ မိသားစု အစည်းအဝေး ပြုလုပ်မည်

အင်္ဂလန် ဘုရင့်အသိုင်းအဝိုင်းတွင်းက မိသားစုဝင်တွေ အနေနဲ့ တော်ဝင်မိသားစုမှ မင်းသား ဟယ်ရီ နုတ်ထွက်မယ့် ကိစ္စကို အစည်းအဝေးပြုလုပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ မင်းသား ဟယ်ရီနဲ့ ဇနီးဖြစ်သူ မီဂန်တို့ဟာ တော်ဝင်မိသားစုဝင် အဖြစ်ကနေ ခြေတလှမ်း ဆုတ်သွားဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ပြီးနောက် အခုလို မိသားစု အစည်းအဝေးကို ဦးတည်သွားခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေးကို အဘွားဖြစ်တဲ့ အဲလိဇဘတ် ဘုရင်မကြီး၊ ခမည်းတော် မင်းသားချားစ်နဲ့ နောင်တော်မင်းသား ဝီလျံတို့ တက်ရောက်ကြမှာ ဖြစ်ပြီး ဒီအစည်းအဝေးကို အင်္ဂလန်နိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ ဘုရင်မ စံအိမ်တော်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

မင်းသား ဟယ်ရီတို့ ဇနီးမောင်နှံကတော့ တော်ဝင်မိသားစုအဖြစ် နေထိုင်ခြင်းကနေ အခုလို နုတ်ထွက်ဖို့ ပြုလုပ်ရတာဟာ ငွေကြေးဆိုင်ရာ ကဏ္ဍတွေမှာ အမှီအခိုကင်းကင်းနဲ့ နေထိုင်ချင်တာကြောင့်လို့ ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ဟယ်ရီတို့ ဇနီးမောင်နှံက သူတို့ရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားပြီးနောက် ပထမဆုံးအကြိမ်အနေနဲ့ မျက်နှာစုံညီ အစည်းအဝေး ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီလို တော်ဝင်မိသားစုက နုတ်ထွက်မယ့် ကိစ္စတွေမှာ မင်းသား ဟယ်ရီကို ဇနီးဖြစ်တဲ့ မီဂန်က ကြိုးကိုင်မှုတွေ ရှိနေတယ်ဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။ အခုလို မျက်နှာစုံညီ အစည်းအဝေးပြုလုပ်မယ့်ကိစ္စဟာ လူငယ် တော်ဝင်ဇနီးမောင်နှံ အတွက်တော့ အကြောင်းမလှနိုင်ဘူးလို့ တော်ဝင်မိသားစုအရေး စောင့်ကြည့်သူတွေက ခန့်မှန်းပြောဆိုနေတာတွေလည်း ရှိနေပါတယ်။

မင်းသားဟယ်ရီနဲ့ ဇနီး မီဂန်တို့ တရားဝင်လက်တွဲတဲ့ အချိန်က စပြီး တော်ဝင်မိသားစုအတွင်းမှာ ပြဿနာတွေ တက်နေခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှတော့ သူတို့ နှစ်ဦးမှာ ၈လအရွယ် သားလေးရနေပြီဖြစ်ပြီး မကြာသေးခင် ကလည်း သူတို့နှစ်ဦးဟာ တော်ဝင်မိသားစုတာဝန်တွေကနေ ၆ ပတ်ခန့် အနားယူပြီး ကနေဒါနိုင်ငံကို ခရီးထွက်ခဲ့သေးတယ်လို့ သိရပါတယ်။

တော်ဝင်မိသားစုက နုတ်ထွက်ဖို့ သဘောတူညီချက်ကို ရရှိခဲ့မယ်ဆိုရင်တော့ သူတို့က ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ရန်ပုံငွေအဖွဲ့တခု ထောင်ပြီး လှူဒါန်းသွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

Ref. BBC

You may also like these stories:

ဗြိတိန်ထီးနန်းနဲ့ ဝေးရာမှာနေတော့မယ့် တော်ဝင်မင်းသားဟယ်ရီနဲ့ မီဂန်မာကယ်

ကိုယ်ပိုင်ဂျက် လေယာဉ်တွေကို အသုံးပြုခဲ့မှုကြောင့် ဝေဖန်ခံနေရတဲ့ တော်ဝင်မင်းသား ဟယ်ရီ

“အဖေများနေ့” မှာ သားတော်လေးရဲ့ ဓာတ်ပုံကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ တော်ဝင်ဇနီးမောင်နှံ

Loading