ငယ်စဉ်ကတည်းက အနုပညာအလုပ်များကို လုပ်ကိုင်လျက်ရှိတဲ့ အေးမြဖြူကတော့ မကြာခင်မှာ ဒါရိုက်တာ ဏကြီး ရိုက်မယ့် “ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
“ဇာတ်ကားက ရိုက်တော့မှာပါ။ တော်ဝင်မင်းသား ရုပ်ရှင်ထုတ်လုပ်ရေးက “ချစ်ခင်စမှော်ရုံ” ဆိုတဲ့ ဇာတ်ကားကြီးမှာ သမီးကို ပါဝင်ဖို့ ကမ်းလှမ်းတယ်။ သမီးကလည်း ဦးဏကြီးနဲ့ ပထမ ၁ ကား ရိုက်ဖူးတယ်။ “ဘိုမ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ဖူးတယ်။ အဲဒါကြောင့် ဒါက ဒုတိယမြောက်ကားလည်း ဖြစ်မှာပါ။ အဲဒါကြောင့် ပါဝင်ဖြစ်တာပါ” လို့ အေးမြဖြူက ပြောပါတယ်။
ကာရိုက်တာအနေနဲ့လည်း ၁၇ နှစ်အရွယ် မိန်းမပျိုတယောက်အနေနဲ့ သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ကာရိုက်တာကတော့ ပြောလို့ရသလောက်ပေါ့နော်။ သမီးက အသက်ငယ်သေးတယ်။ ၁၇ နှစ် အရွယ်လည်းဖြစ်တော့ ၁၇ နှစ်အရွယ် လွတ်လွတ်လပ်လပ် သွက်သွက်လက်လက်နဲ့ ထက်ထက်မြက်မြက် ကောင်မလေးပေါ့နော်။ ချွဲတတ်တဲ့ မိန်းမပျိုလေးပေါ့နော်။ အဲ့နေရာက ပါဝင်မှာပါ” လို့ အေးမြဖြူက ပြောပါတယ်။
အေးမြဖြူကတော့ ဒီကားမှာ ခေါင်းဆောင် မင်းသမီးအနေနဲ့ မဟုတ်ဘဲ မင်းသမီး တယောက် အနေနဲ့ ပါဝင်မှာ ဖြစ်ပြီး မရိုက်ခင် အိုက်တင် ပြန်ကျင့်ရဦးမှာဖြစ်တယ်လို့ သိရပါတယ်။
“ဒီကားမှာသမီးက ခေါင်းဆောင် မင်းသမီး မဟုတ်ဘူး။ ဒါပေမယ့် မင်းသမီး တယောက်အနေနဲ့ ပါဝင်မှာဖြစ်တယ်။ အဲ့ကားအတွက်လည်း ပြင်ဆင်ရမယ်။ ရိုက်ဖို့တော့ နည်းနည်းကြာဦးမယ်။ အခုလောလောဆယ်တော့ မရိုက်သေးဘူးပေါ့။ မရိုက်ခင်မှာတော့ အိုက်တင်တွေလည်း ပြန်ကျင့်ရမယ်။ ရုပ်ရှင် မရိုက်တာက ၄ နှစ်လောက် ရှိသွားပြီ။ ရုပ်ရှင် ပြန်ရိုက်ဖို့အတွက် အများကြီး ကြိုးစားရဦးမှာပါ” လို့ အေးမြဖြူကပြောပါတယ်။
“ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ကားကိုတော့ ဒါရိုက်တာ ဏကြီးက ရိုက်ကူး ပုံဖော်မှာဖြစ်ပြီး သရုပ်ဆောင် ဒေါင်း၊ ကျော်ထက်အောင်၊ မိုးဟေကို၊ ပိုင်ဖြိုးသုနဲ့ အေးမြဖြူတို့ အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ဒါရိုက်တာ ဏကြီးရဲ့ ဒုတိယမြောက် ရုပ်ရှင်ဖြစ်ပြီး၊ စာရေးဆရာ မောင်ဝဏ္ဏရဲ့ ဝတ္ထုကို ပြန်ရိုက်ကူးမယ့် ရုပ်ရှင်ကား ဖြစ်ပါတယ်။
အေးမြဖြူကတော့ ဒါရိုက်တာ ဏကြီးနဲ့လည်း “ဘိုမ” ဆိုတဲ့ ဇာတ်ကား ရိုက်ကူးခဲ့ဖူးပြီး အသက် ၆ နှစ်ကတည်းက ကလေးသရုပ်ဆောင် အနေနဲ့ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
“ရုပ်ရှင်ဇာတ်ကားဆိုရင် အကုန်လုံးတော့ မမှတ်မိဘူး။ ပထမဆုံးရိုက်တာ ကလေး သရုပ်ဆောင်အနေနဲ့ ပါတာက ဦးနေတိုးရယ် ဦးရန်အောင်တို့နဲ့ “ဘာမီတွန်”ဆိုတဲ့ ဇာတ်ကား။ အဲ့တုန်းက ၆ နှစ်လောက်ပဲ ရှိသေးတယ်။ ရုပ်ရှင်ကားကြီး စရိုက်တာပေါ့။ “မေခင်ကညာ” တို့ “ဘိုမ” တို့ တချို့ကားတွေမှာ ကလေးသရုပ်ဆောင်အနေနဲ့ ပါဖူးတာရှိတာ။ အခုရိုက်မယ့် ကားကတော့ ၄ ၊ ၅ ကားမြောက်လောက်တော့ ဖြစ်မယ် ထင်ပါတယ်” လို့ အေးမြဖြူက ပြောပါတယ်။
Myanmar Idol ပြိုင်ပွဲကြီးပြီးသွားတဲ့နောက်မှာတော့ အေးမြဖြူက သူမရဲ့ပရိသတ်များအတွက် Single Song ထွက်ဖို့အတွက် စီစဉ်နေပြီး Music Video လည်းရိုက်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
“Single Song လေး တပုဒ်ထွက်ဖို့တောင် စီစဉ်နေပါတယ်။ သမီးနဲ့လိုက်မယ့် ပုံစံကို တိုင်ပင်ပြီး MTV နဲ့တခါတည်း ဆိုရှယ်မီဒီယာမှာ တင်ဖို့ စီစဉ်နေပါတယ်။ အခွေကတော့ လိုပါသေးတယ်။ ပရိသတ်တွေနဲ့ အဆက်မပြတ်အောင် လုပ်ဖို့တော့ ရှိပါတယ်” လို့ အေးမြဖြူက ပြောပါတယ်။
အေးမြဖြူကတော့ ပညာရေးအနေနဲ့လည်း နိုင်ငံခြားဘာသာတက္ကသိုလ်မှာ အင်္ဂလိပ်စာ အထူးပြုဖြင့် ပထနှစ်ကို စတင် တက်ရောက်နေပြီလို့ သိရပါတယ်။
You may also like these stories:
သရုပ်ဆောင်ပီပြင်စေဖို့ အရှက်တရားတွေကို ဖြတ်ထားရတယ်လို့ တက္ကသိုလ် ဂွမ်းပုံက ပြော
၁၂ နာရီစာ ဇာတ်လမ်းတွဲကို ၂ နာရီကြာ ရုပ်ရှင်ကားအဖြစ် ပြန်လည် ပြသမယ့် “အချစ်ဖြင့်လွမ်းစေ”
၂၀၂၀ အဖွင့်မှာ ပြည့်တန်ဆာခေါင်း ဇာတ်ရုပ်နဲ့ တွေ့ရမယ့် သရုပ်ဆောင် ထူးခြား