EXO အဖွဲ့ဝင် Chen ရဲ့ မင်္ဂလာသတင်းကို အေဂျင်စီဖြစ်တဲ့ SM Entertainment က တရားဝင်အသိပေးလိုက်ပါပြီ။ ရုတ်တရက် ထွက်ပေါ်လာတဲ့ မင်္ဂလာသတင်းကြောင့် EXOL ပရိသတ်တွေကတော့ အံ့သြဝမ်းသာဖြစ်နေကြပါတယ်။ ဇန်နဝါရီ ၁၃ ရက်နေ့မှာပဲ SM Entertainment ကနေ Chen ရဲ့ မင်္ဂလာသတင်းကို ကြေညာခဲ့တာပါ။ သတို့သမီးလောင်းကတော့ အပြင်လူတယောက်ပါပဲလို့ ဆိုပါတယ်။
“SM Entertainment ကပါ။ မကြာခင် EXO အဖွဲ့ဝင် Chen ဟာ သူ ရည်စူးထားသူ တယောက်နဲ့ လက်ထပ်တော့မှာပါ။ သတို့သမီးကလည်း အနုပညာလောကထဲက မဟုတ်ဘဲ သာမန် မိန်းကလေး တယောက်ပါ။ မင်္ဂလာပွဲကို နှစ်ဖက်မိဘတွေနဲ့ အကျဉ်းချုံး ကျင်းပသွားဖို့ ရှိပါတယ်”
“နှစ်ဖက်မိသားစုတွေရဲ့ သဘောအရ မင်္ဂလာဆောင်ကို သီးသန့် လုပ်ရတဲ့အတွက် မီဒီယာကသူတွေလည်း နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။ Chen ကတော့ သူချစ်တဲ့ အနုပညာအလုပ်ကိုပဲ ဆက်လုပ်သွားမှာပါ။ Chen ရဲ့ မင်္ဂလာပွဲအတွက်လည်း ဆုတောင်းစကားတွေ ပြောပေးကြပါဦး”လို့ SM Entertainment ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Chen ရဲ့ သတို့သမီးလောင်းဟာ ကိုယ်ဝန်ဆောင်ထားရတယ်ဆိုတဲ့ သတင်းတွေကိုလည်း SM Entertainment ဘက်ကနေ အတည်ပြုပေးထားပါတယ်။ ဇနီးလောင်းဟာ သာမန် မိန်းကလေးတယောက်ဖြစ်ပြီး၊ ကိုယ်ဝန် ဆောင်ထားရတယ် ဆိုတာကလွဲပြီး တခြားအကြောင်းအရာတွေ ထုတ်ပြောလို့ မရဘူးလို့ ဆိုပါတယ်။
Chen ကတော့ မင်္ဂလာသတင်းနဲ့ ပတ်သက်ပြီး လက်ရေးစာမူနဲ့ ပရိသတ်တွေထံ ရေးသားခဲ့ပါတယ်။
“ကျနော် ပရိသတ်တွေကို ဝေမျှစရာလေးရှိလို့ ဒီစာကို ရေးလိုက်တာပါ။ အရမ်းစိတ်လှုပ်ရှားနေလို့ ဘယ်ကနေ စပြောရမှန်းတောင် မသိပါဘူး။ ကျနော်တို့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေအတွက် ဒီစာလုံးတွေက မလုံလောက်ဘူးဆိုတာ နားလည်ပါတယ်”
“ကျနော် တဘဝလုံး အတူ ကုန်ဆုံးချင်တဲ့ မိန်းကလေး တယောက် ရှိပါတယ်။ ဒီလိုအခြေအနေ ရုတ်တရက် ထွက်ပေါ်လာလို့ အားလုံး အံ့သြသင့်နေကြမယ် ထင်ပါတယ်။ ဒါပေမယ့် ကျနော် ဒီကိစ္စကို အေဂျင်စီနဲ့ရော တခြား အဖွဲ့ဝင်တွေနဲ့ပါ သေချာ တိုင်ပင်ပြီးမှ ဆုံးဖြတ်ခဲ့တာပါ။ ဒီကိစ္စကို စောနိုင်သမျှ ခပ်စောစောထဲက ပြောပြခဲ့ချင်တာပါ”
“ကျနော့် သတင်းကိုကြားပြီး ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ အဖွဲ့ဝင်တွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ကျနော့်ကို ဆုတောင်းပေးတဲ့ ပရိသတ်တွေကိုလည်း အမြဲကျေးဇူးတင်နေမှာပါ။ ကျနော် အရင်အတိုင်း မပြောင်းလဲဘဲ အကောင်းဆုံး လုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ပြန်လည်ပေးဆပ်သွားမှာပါ” လို့ ရေးသားထားပါတယ်။
Ref: Soompi
You may also like these stories:
EXO အဖွဲ့ဝင်အသစ် ဖြစ်ပြီလို့ အရွှန်းဖောက် ပြောဆိုခဲ့တဲ့ မင်းသား Ryan Reynolds
Marvel စတူဒီယိုနဲ့ လက်တွဲ လုပ်ကိုင်ဖို့ရှိတဲ့ K-pop အဖွဲ့ SuperM
စစ်မှုထမ်း ပြီးသွားပြီ ဖြစ်တဲ့ မင်းသား Kim Soo-hyun