Entertainment

"လင်းလင်းရဲ့ ခင်ပွန်းကြီး ၁၀ ပါးမှာ မိုးဟေကို ပါတယ်"လို့ မိတ်ကပ် လင်းလင်း ပြော

နိုင်ငံကျော် Makeup Artist လင်းလင်းကတော့ သရုပ်ဆောင် မိုးဟေကို မင်းသမီး စလုပ်ကတည်းက မိတ်ကပ်လိမ်းခြယ်ပေးခဲ့ပြီး မိုးဟေကိုက လင်းလင်းရဲ့ ခင်ပွန်းကြီး ၁၀ ပါးထဲမှာ ပါတယ်လို့ ပြောပါတယ်။

“အနုပညာရှင်တွေနဲ့ လင်းတို့လို မိတ်ကပ်ဆရာတွေက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါ။ အရင်တုန်းက မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေပဲ ရှိတာဆိုတော့ အဲ့အချိန်မှာ မိုးဟေကိုက သူ့ မိတ်ကပ်ဆရာပါဆိုပြီး မားမားမတ်မတ် ရပ်တည်ပေးတယ်။ လင်းလင်း၊ မိုးဟေကိုဆိုပြီး တွဲသိလာတယ်။ အဲ့အတွက် အလုပ်လုပ်ရတာ ပိုအဆင်ပြေလာတယ်။ ဒီခေတ်မှာက မီဒီယာတွေရဲ့ကျေးဇူးကြောင့် ကျော်ကြားဖို့ဆိုတာ အင်မတန် လွယ်ကူပေမယ့် လင်းတို့တုန်းက အခုလို အင်တာနက်တွေလည်း သိပ်မရှိသေးတော့ ဒီလုပ်ငန်းမှာ အောင်မြင်ဖို့ တော်တော်ကြိုးစားရပါတယ်”

“အဲ့အတွက် မိုးကို အရမ်းကျေးဇူးတင်ပါတယ်။ မိုးက ခင်ပွန်းကြီး ၁၀ ပါးမှာလည်း ပါတယ်။ အခုဆို မီဒီယာတွေက အရမ်းများလာပြီ။ မီဒီယာရဲ့ ပံ့ပိုးမှုကလည်း လင်းတို့အတွက် ၇၀ ရာခိုင်နှုန်းလောက် အရေးပါတယ်။ လူတယောက်ကို နာမည်ကြီးပြီး လူချစ်အောင် လုပ်ပေးတာလည်း မီဒီယာပဲ၊ လူမုန်းအောင်လုပ်ပေးတာလည်း မီဒီယာပဲ။ ကိုယ်ဖောက်တဲ့လမ်း ကိုယ်လျှောက်ရမယ်။ ကောင်းတာလုပ်ရင်လည်း ကိုယ်ခံရမယ်။ ဆိုးတာလုပ်ရင်လည်း ကိုယ်ခံရမယ်”လို့ မိတ်ကပ် လင်းလင်းက ပြောပါတယ်။

မိတ်ကပ်လိမ်းတာအပြင် ဇာတ်ကားတွေလည်း ရိုက်ကူးနေတဲ့ လင်းလင်းက “အထိန်းတော်” ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားပြီး ဒီဇာတ်ကား ရိုက်ကူးဖြစ်ပုံကိုလည်း အခုလိုပဲ ဆိုပါတယ်။

“ကိုမြင့်မြတ်နဲ့ ကိုဘိုဆန်းတို့ ထုတ်လုပ်ရေးအတွက် အထိန်းတော် ကားလေး ရိုက်ကူးနေတယ်။ ကာရိုက်တာတော့ မပြောချင်သေးဘူး။ ဇာတ်လမ်းလေးကလည်း တကားနဲ့ တကား မတူတဲ့ ရသမျိုး၊ မတူတဲ့ ပုံစံလေးကြောင့် ရိုက်ကူးဖြစ်တာပါ။ အထိန်းတော်ဆိုတဲ့ နာမည်လေးကိုလည်း ကြိုက်တယ်။ အထိန်းတော်လို့ ပေးလိုက်ကတည်းက အရမ်းကို စိတ်လှုပ်ရှားနေပြီ”

“ကိုမြင့်မြတ်၊ ကိုခင်လှိုင်၊ ကိုဒိန်းဒေါင်၊ အိချောပိုတို့နဲ့ အတူတူရိုက်ရမှာ အရမ်းလည်း ပျော်ဖို့ ကောင်းပါတယ်။ အရင်ကားတွေနဲ့ အိုက်တင်လည်း မတူသလို ကာရိုက်တာလည်း မတူလို့ ကြည့်တဲ့ ပရိသတ်တွေကလည်း ချစ်ပေးပါလို့ ပြောချင်ပါတယ်”လို့လည်း မိတ်ကပ် လင်းလင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ လုပ်ဆောင်ခဲ့တဲ့ အရာတွေနဲ့ ပတ်သက်ပြီးတော့လည်း မိတ်ကပ် လင်းလင်းက အခုလိုပဲ ပြောပါတယ်။

“လင်းက ပြီးသွားတဲ့ အချိန်တိုင်း၊ ရက်တိုင်းကို နောင်တ မရဘူး။ လူတိုင်းက အကောင်းပဲ ဖြစ်ချင်တာလေ။ အကောင်းပဲဖြစ်ချင်တာဆိုတော့ ဖြစ်လာတဲ့ အခြေအနေ၊ အချိန်အခါကို အပြစ်ပုံချနေရင် ကိုယ့်ကိုယ် ကိုယ် ညှဉ်းဆဲသလို ဖြစ်မှာပေါ့။ နေ့သစ်တိုင်းက ကိုယ့်အတွက် အကောင်းဆုံးတွေကြီးပဲလို့ မျှော်လင့် တယ်။ အဲ့ဒါ ကိုယ့်အတွက် ရုပ်ပျို ကိုယ်နုတယ်”လို့ လင်းလင်းက ပြောပါတယ်။

မိတ်ကပ် လင်းလင်းဟာ မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ Makeup Artist များထဲမှ တဦးဖြစ်ပြီး ပျော်ပျော်နေတတ်သူလို့လည်း အများက သိထားကြပါတယ်။ လင်းလင်းက ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

You may also like these stories:

အခွင့်အရေးတခု အနေနဲ့ ဇာတ်ကားတွေ ရိုက်ဖြစ်တဲ့ မိတ်ကပ် ခင်စန်းဝင်း

Makeup Artist ၄ ယောက်နဲ့ နောက်ထပ် ရုပ်ရှင် ထပ်ရိုက်ဦးမယ့် ဒါရိုက်တာ ပြည်ဟိန်းသီဟ

“လူကို လူလို့ မြင်ပြီး ခွဲခြားမှုတွေ လျော့လာတဲ့အတွက် ကျေးဇူးတင်တယ်”လို့ မထက် ပြော

Loading