“အချစ်ဖြင့်လွမ်းစေ” ရိုက်ကူးမှုစရိတ် သိန်းပေါင်း ၃၈၀၀ ခန့် ရှိခဲ့တယ်လို့ ဒါရိုက်တာ နေသန်မောင် ပြော
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အတွက် တက္ကသိုလ် အချစ်ဇာတ်လမ်းတပုဒ် ဖန်တီးရိုက်ကူးခဲ့တဲ့ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲကို ဒါရိုက်တာ နေသန်မောင်က ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကို ရိုက်ကူးတာ သိန်းပေါင်း ၃၈၀၀ ခန့်ကုန်ကျခဲ့တယ်လို့ ဒါရိုက်တာ နေသန်မောင်က ပြောပါတယ်။
“အချစ်ဖြင့်လွမ်းစေကို ၂ လ၊ ၃ လလောက် ရိုက်ကူးရေး လုပ်ခဲ့ရတယ်။ ပြင်ဆင်ရေးကလည်း ၄ ၊ ၅ လလုပ်ခဲ့ရတယ်။ ကျနော်တို့ ကုန်ကျတဲ့ ဘတ်ဂျက်ကလည်း သိန်းကို အနည်းဆုံး ၃၈၀၀ လောက် ကုန်တယ်။ အဲ့တုန်းက အွန်လိုင်း ပြလိုက်တဲ့အခါ ကြော်ငြာလေးပဲရတာ ပိုက်ဆံ မရဘူး။ ဒီတခေါက်လေးမှာမှ ပိုက်ဆံရဖို့ ကြိုးစားတာ”
“အဲဒီအားထုတ်မှုတွေကို ပရိသတ်က တကယ် နှစ်နှစ်ခြိုက်ခြိုက် ကြည့်ပြီးတဲ့ ပရိသတ်တွေရော၊ မကြည့်ရသေးတဲ့ ပရိသတ်တွေရော လာအားပေးမယ်ဆိုရင် အရင်းလည်း ကြေတယ်။ ကံကောင်းလို့ အမြတ်လည်း ရတယ်ဆိုရင် နောက်ထပ် ကားတွေ ဖန်တီးနိုင်တာပေါ့။ ဒါကလည်းကံပါ။ အခြေအနေ အကြောင်းကြောင်းကြောင့် မဝင်ဖြစ်ရင် ဘာတတ်နိုင်မှာလဲ” လို့ ဒါရိုက်တာ နေသန်မောင်က ပြောပါတယ်။
မကြာခင်မှာလည်း အဆိုပါ ၁၂ နာရီစာ ကြာမြင့်တဲ့ ဇာတ်လမ်းတွဲကို ၂ နာရီကြာ ရုပ်ရှင်အဖြစ် ဖေဖော်ဝါရီလအတွင်း ပြသသွားတော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ရုံတင်ရန်အတွက် ကြုံတွေ့ရတဲ့ အခက်အခဲနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။
“ရုံတင်တဲ့အခါ အခက်အခဲက ပြီးခဲ့တဲ့ ၄ ၊ ၅ နှစ်က ပေါကားများရပ် ဆိုတဲ့ Trend က ရှိတာကို ပရိသတ်က တကယ့်ကို မွဲပြာပုဆိုး ဇာတ်လမ်းတွေနဲ့ ဖန်တီးနေတဲ့ ကားတွေ ရပ်သွားစေချင်လား။ ရပ်သွားစေချင်ရင် မွဲပြာပုဆိုး မဟုတ်တဲ့ Content ကောင်းကောင်းကို ဖန်တီးချင်တဲ့ လူငယ်တွေ ဖန်တီးတဲ့ ရုပ်ရှင်ကားမျိုးကို ကျနော်တို့တွေက လက်တွေ့ကျကျ အားပေးဖို့ လိုတယ်”လို့ ဒါရိုက်တာ နေသန်မောင်က ပြောပါတယ်။
ဆက်လက်ပြီး “အားမပေးရင်တော့ ဒါရိုက်တာ အသစ်တွေ၊ မင်းသား၊ မင်းသမီးအသစ်တွေက ဒီနယ်ပယ်ထဲရောက်သွားဖို့ ခက်သွားပြီ။ ကျနော်တို့ စိတ်မကောင်းစွာ တွေ့ရတာတခုက လူငယ်တွေအများစု ဖန်တီးတဲ့အရာအများစုက သိပ်ပြီးတော့ အာရုံစိုက်မှု မရဘူး။ စိတ်မကောင်းဘူး”
“ဒါကလည်း တယောက်ချင်းစီရဲ့ကံတရားလို့ ပြောရမလား။ ရုပ်ရှင်လောကကြီးတခုလုံးရဲ့ ပျက်စီးနေတဲ့ ဂေဟစနစ်လို့ ပြောရလား။ ၂ ခုစလုံးလည်းပါမယ် ထင်တယ်။ ကျနော်ကလည်း ပျက်စီးနေတဲ့ ဂေဟစနစ်ထဲမှာပါမိတဲ့ သားကောင်ဆိုတော့ ကျနော် တယောက်တည်းပဲ လူတွေအများကြီးဝင်ပြီး ပိုက်ဆံအများကြီး ရဖို့ဆိုတာ မမျှတဘူး ထင်တယ်”လို့ ပြောပါတယ်။
ရုပ်ရှင်ဖန်တီးထားတဲ့ ကုန်ကျစရိတ်အတွက်လည်း ပရိသတ် ပြန်ပေးသလောက်ပဲ ရမှာဖြစ်ပြီး နောင်တချိန်တော့ အသီးအပွင့် ခံစားရမှာပါလို့ ဆိုပါတယ်။
“ပရိသတ် အားပေးသလောက် ငွေလာပေးသလောက်ပဲ ရမယ်။ ကျနော်တို့ ဘယ်လောက်ပဲ အားစိုက်ထုတ်ထုတ် ကောင်းတဲ့အလုပ်ကို လုပ်ထားရင် ဒီအချိန် မဟုတ်တောင် နောင်တချိန် အသီးအပွင့် ခံစားရမှာပါ။ ကိုယ်လိုချင်တဲ့အချိန် အသီးအပွင့် ခံစားရဖို့ဆိုတာ ခက်တယ်” လို့ ဒါရိုက်တာ နေသန်မောင်က ပြောပါတယ်။
လာရောက်ကြည့်ရှုကြမယ့် ပရိသတ်များကိုလည်း ဒါရိုက်တာ နေသန်မောင်က “ ကျနော်ကတော့ “အချစ်ဖြင့်လွမ်းစေ”ကို ကြည့်ပြီးတဲ့ ပရိသတ်ရော မကြည့်ရသေးတဲ့ ပရိသတ်ရော လာကြည့်စေချင်တယ်။ အမှန်အတိုင်းလည်း ခံစားစေချင်တယ်။ အဲဒီရည်ရွယ်ချက်ပဲ ရှိပါတယ်”လို့ ပြောပါတယ်။
“အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲမှာတော့ အဓိကသရုပ်ဆောင်များအဖြစ် ဒေါင်း၊ ပိုင်ဖြိုးသု၊ အိန်ဂျယ်လမုန်နဲ့ အခြားသော သရုပ်ဆောင်အသစ်များလည်း ပါဝင်ထားတယ်လို့ သိရပါတယ်။
ဇာတ်လမ်းတွဲအနေနဲ့ကတော့ ပြီးခဲ့တဲ့နှစ် ချစ်သူများနေ့မှ စတင်ကာ ၄ လအကြာ ကမာရွတ်မီဒီယာ Page မှာပြသခဲ့ပြီး ရုပ်ရှင်ဇာတ်ကားအဖြစ် ၂၀၂၀ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပြသသွားမှာပဲ ဖြစ်ပါတယ်။
You may also like these stories:
၁၂ နာရီစာ ဇာတ်လမ်းတွဲကို ၂ နာရီကြာ ရုပ်ရှင်ကားအဖြစ် ပြန်လည် ပြသမယ့် “အချစ်ဖြင့်လွမ်းစေ”
“ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်မယ့်အကြောင်း ပြောပြတဲ့ အေးမြဖြူ
ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်ကားတွေမှာ ငွေကြေးရှုံးခဲ့တဲ့ ဇာတ်ကားတွေလည်း ရှိတယ်လို့ မိုးဟေကို ပြော