ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့တုန်းက ကြေညာခဲ့တဲ့ အော်စကာဆု ဆန်ခါတင်စာရင်းမှာ “Joker” ရုပ်ရှင်က ဦးဆောင်ခဲ့တာကို တွေ့ရပါတယ်။
ထူးခြားချက်ကတော့ အခုဆန်ခါတင်စာရင်းရဲ့ အကောင်းဆုံး ဇာတ်ကားဆုအတွက် လျာထားချက်မှာ အမျိုးသားတွေအကြောင်း အခြေခံတဲ့ ဇာတ်လမ်းတွေက လွှမ်းမိုးထားပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ဟောလိဝုဒ် အနုပညာ လောကမှာ လူမျိုးစုံပါဝင်စေရေး လှုပ်ရှားမှုတွေ ရှိခဲ့ပေမယ့် အသားအရောင် ကွဲပြားတဲ့ သရုပ်ဆောင်တဦးပဲ ဆန်ခါတင် စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
ဆန်ခါတင်စာရင်း ၁၁ ခု ဝင်ခဲ့တဲ့ “Joker” ရုပ်ရှင်ကတော့ အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုလိုမျိုး အဓိက ဆုကြီးတွေအတွက် စာရင်းဝင်ခဲ့ပါတယ်။ အငြင်းပွားဖွယ်ဖြစ်ခဲ့တဲ့ Warner Bros ရဲ့ အဲ့ဒီရုပ်ရှင်ဟာ ဝင်ငွေဒေါ်လာ ၁ ဘီလီယံကျော်အထိ ရှိခဲ့ပါတယ်။
အကောင်းဆုံး ဇာတ်ကားဆုအတွက် “Joker” ရုပ်ရှင်နဲ့အတူ ဆန်ခါတင်စာရင်းဝင်တဲ့ ရုပ်ရှင်တွေကတော့ ကားပြိုင်ပွဲဒရာမာ “Ford v Ferrari”, Netflix ရဲ့ ဂန်းစတားရုပ်ရှင် “The Irishman”, နာဇီခေတ် သရော်ရုပ်ရှင် “Jojo Rabbit”, အိမ်ထောင်ရေး လမ်းခွဲမှုဒရာမာ “Marriage Story”, ပထမကမ္ဘာစစ် နောက်ခံရုပ်ရှင် “1917”, တခေတ်တခါက အနုပညာလုပ်ငန်းနောက်ခံရုပ်ရှင် “Once Upon a Time in Hollywood” နဲ့ တောင်ကိုရီးယား လူမှုဘ၀ သလျော်ရုပ်ရှင် “Parasite” တို့ ဖြစ်ပါတယ်။
Netflix ကတော့ အတ္ထုပ္ပတ္တိနောက်ခံရုပ်ရှင် “The Two Popes” ရုပ်ရှင်နဲ့ မှတ်တမ်းရုပ်ရှင်”American Factory” တို့အပါအဝင် ဆုပေါင်း ၂၄ခု ဆန်ခါတင် ဝင်ခဲ့ပါတယ်။
အမျိုးသမီးတွေနဲ့သာ ထုတ်လုပ်ထားတဲ့ Sony Pictures ရဲ့ “Little Women” ရုပ်ရှင်တခုတည်းကသာ အကောင်းဆုံး ဇာတ်ကားဆု စာရင်းမှာ ဝင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီရုပ်ရှင်ရဲ့ အမျိုးသမီး ဒါရိုက်တာ Greta Gerwig ကတော့ အမျိုးသားတွေချည်းပါဝင်တဲ့ အကောင်းဆုံး ဒါရိုက်တာစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ သရုပ်ဆောင်တွေဖြစ်တဲ့ Saoirse Ronan နဲ့ Florence Pugh တို့က ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် ထုတ်ပြန်လိုက်တဲ့ ဆန်ခါတင်စာရင်းရဲ့ သုံးပုံတပုံနီးပါးဖြစ်တဲ့ စာရင်းမှာ အမျိုးသမီး ၆၂ ဦးအထိ စံချိန်တင် ပါရှိခဲ့တာကိုလည်းတွေ့ရပါတယ်။ အော်စကာဆုပေးပွဲကို လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
Ref: asiaone
You may also like these stories:
ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆန္ဒပြပွဲမှာ “Joker” မင်းသား Joaquin Phoenix အဖမ်းခံရ
“Birds of Prey” ရုပ်ရှင်မှာ Joker ပါဝင်လာဖို့ ရှိ၊ မရှိ အတည်ပြုပေးလိုက်တဲ့ မင်းသမီး Margot Robbie
Joker Universe မှာ Harley Quinn အဖြစ် သရုပ်ဆောင်ဖို့ မင်းသမီး Kate Mara ရေပန်းစားနေ