Entertainment

“The Rock” ဖြစ်တည်လာပုံ ရိုက်ကူးမယ့် ဟာသစီးရီးမှာ မင်းသား Dwayne Johnson ပါဝင်မည်

ပရော်ဖက်ရှင်နယ် နပန်းသမားဟောင်း မင်းသား Dwayne Johnson ရဲ့ ကစားသမား ငယ်ဘဝ ဖြစ်တည်မှုတွေကို အခြေတည်မယ့် “Young Rock” ဆိုတဲ့ ဟာသဇာတ်လမ်းတွဲ အသစ်မှာ မင်းသားကိုယ်တိုင် ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။

အပိုင်း ၁၁ ပိုင်း ပါဝင်မယ့် အဲ့ဒီစီးရီးအကြောင်းကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာပဲ ကြေညာခဲ့တာဖြစ်ပါတယ်။ Fresh Off the Boat စီးရီးဖန်တီးသူ Nahnatchka Khan နဲ့ Jeff Chiang တို့က ဇာတ်လမ်းကို ပူးတွဲရေးသားကြမှာဖြစ်ပြီး မင်းသား Dwayne ကိုယ်တိုင် ထုတ်လုပ်မယ်လို့ ဆိုပါတယ်။

မင်းသား Dwayne ကတော့ ရုပ်ရှင်စတားတယောက် ဖြစ်လာရတာဟာ တော်တော်လေးကို ခက်ခဲတာကို သိရှိခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်လို့ မကြာသေးခင်တုန်းက ပြောဆိုခဲ့ပါတယ်။ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်ကြားကာလ ကမ္ဘာပေါ်မှာ အနုပညာကြေးအများဆုံး မင်းသားအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် အဲ့ဒီ သတ်မှတ်ခံရမှုနဲ့ ထိုက်တန်တယ်လို့ မခံစားရဘူးလို့လည်း ဆိုပါတယ်။

မင်းသားက “ဘာတွေဖြစ်လာလဲဆိုတော့ ဝင်ငွေကောင်းတဲ့ မင်းသားတယောက် ဖြစ်လာတယ်ဆိုပါစို့။ ခင်ဗျားတို့တွေက ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး ရုပ်ရှင်စတားလို့ ခေါ်ကြမယ်။ အလုပ် ကြိုးစားရတယ်။ ဇွဲရှိရတယ်။ အစီအစဉ် ကျရတယ်။ အမြင်ကျယ်ရတယ်။ ဒါက ဟောလိဝုဒ်လောကနဲ့ ဟောလိဝုဒ် စီးပွားရေး လုပ်ငန်းထဲကို ရောက်လာမယ်ဆိုရင် ကြုံရမှာတွေပေါ့”

“ဒါပေမဲ့ ကြိုးစားဖို့ အများကြီးလိုတယ်။ တော်တော်လေးကိုလည်း ခက်ခဲတယ်။ ကိုယ်ဖျော်ဖြေရတဲ့ ကမ္ဘာကြီးနဲ့ ပရိသတ်နယ်ပယ်လည်း ရှိသလို ရုပ်ရှင်တခုအပေါ် တာဝန်ရှိမှုက ကမ္ဘာနဲ့ချီပါတယ်။ ဒါကြောင့် ခိုင်မာဖို့လိုတယ်။ နေ့တိုင်း အလုပ်ကြိုးစားဖို့ လိုတယ်” လို့ ဆိုပါတယ်။

ဆက်ပြီး မင်းသားက “ဒါကြောင့် ပရိသတ်တွေ ပျော်ရွှင်ပြီး ချစ်မြတ်နိုးမယ့် ကိုယ့်ရဲ့ လုပ်နိုင်စွမ်းနဲ့ ကျွမ်းကျင်မှုတွေကို ယုံကြည်ဖို့က ပိုအရေးကြီးပါတယ်။ အဲ့ဒါက အရေးကြီးဆုံး အရာဖြစ်ပါတယ်” လို့ဆိုပါတယ်။

မင်းသား Dwayne ဟာ ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့ကနေ ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်နေ့အထိ ဝင်ငွေ ဒေါ်လာ ၈၉ ဒဿမ ၄ သန်းရရှိခဲ့တာကြောင့် ၂၀၁၉ ခုနှစ်အတွက် အနုပညာကြေးအများဆုံးရတဲ့ မင်းသားအဖြစ် ရပ်တည်ခဲ့ပါတယ်။

Ref: asiaone

You may also like these stories:

Marvel စတူဒီယိုမှာ ‘Deadpool 3’ ရုပ်ရှင်ရိုက်ကူးနေပြီလို့ Ryan Reynolds အတည်ပြုပြော

ဘောလိဝုဒ် အက်ရှင်ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ စိတ်ဝင်စားနေတဲ့ မင်းသား The Rock

၂၀၀၈ ခုနှစ်မှာ ကွာရှင်းခဲ့ပြီး နောက်အိမ်ထောင်ပြုဖို့ ချီတုံချတုံ ဖြစ်ခဲ့ရတဲ့ မင်းသား The Rock

 

Loading