မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ အောင်မြင်မှုတခု ရရှိထားတဲ့ ပိုင်တံခွန်ကတော့ မော်ဒယ်ပိုင်းကို ပိုမိုအားစိုက်ခဲ့ပြီး ၂၀၂၀ မှာတော့ ရုပ်ရှင်ကားများကို ဦးစားပေးဖြစ်မယ်လို့ သိရပါတယ်။
“အဓိကက ၂၀၂၀ မှာ ရုပ်ရှင်ကားတွေပဲ ဦးစားပေးဖြစ်တယ်။ ရုပ်ရှင်ကားတွေဆိုရင်လည်း ကမ်းလှမ်းလာတဲ့ကားတိုင်း မရိုက်ဖြစ်ဘူး။ အဓိကက ဇာတ်ကောင်းမယ်။ ရိုက်တဲ့ ဒါရိုက်တာကလည်း ကောင်းမယ်။ ပြီးတော့ ထုတ်လုပ်ရေးကလည်း ကောင်းမွန်တဲ့ ထုတ်လုပ်ရေးဖြစ်မယ်။ ဒီလိုကားမျိုးမှ ကျနော်တို့က အင်တာနေရှင်နယ်တန်းကို မီအောင် ကြိုးစားလို့ရတာ” လို့ ပိုင်တံခွန်က ပြောပါတယ်။
အနုပညာ အရည်အသွေး မပြည့်တဲ့ ဇာတ်ကားများရိုက်ပြီး ပရိသတ်ကို ညာစားသလိုဖြစ်မှာကိုလည်း ကြောက်တယ်လို့ ဆိုပါတယ်။
“တကယ်လို့ကိုယ်က ဒီတိုင်းပဲ ဘာဆိုဘာမှ မကြည့်ဘဲ ဒီဇာတ်ဆိုလည်း ရိုက်လိုက်တယ်၊ ဟိုဇာတ်ဆိုလည်း ရိုက်လိုက်တယ်။ ရိုက်ရပြီးရောလုပ်ရင် ရေရှည်ကျတော့ မြန်မာ့ရုပ်ရှင် အရည်အသွေးက အဆင်ပြေလာမှာ မဟုတ်ဘူး။ ကိုယ်တိုင်ကျတော့လည်း တကယ် အနုပညာ အရည်အသွေး မပြည့်တဲ့ကားတွေ ရိုက်ပြီးတော့ ပရိသတ်ကို ညာစားသလို ဖြစ်မှာလည်း ကြောက်တယ်”
“ကျနော်တို့ကျတော့ အသစ်ဆိုတော့ ပိုဆိုးတယ်။ ပြင်ဆင်ရတာပေါ့။ ပရိသတ်ကို အကောင်းဆုံးပေးချင်လို့။ ကျနော်ဆိုရင် အားနည်းချက်တွေ အများကြီးပဲ။ တခြားမင်းသားတွေထက် အများကြီး ပြင်ဆင်ရတယ်” လို့ ပိုင်တံခွန်က ပြောပါတယ်။
မကြာခင်မှာလည်း ဒါရိုက်တာ ကိုပေါက် ရိုက်ကူးမယ့် “အိပ်မက်မြစ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးသွားမှာဖြစ်ပြီး သရုပ်ဆောင်လုပ်တဲ့အခါမှာ သူ့ရဲ့စကားပြောတာကို အားမရဘူးလို့ ပြောပါတယ်။
“စကားပြောတာကို အားမရပါဘူး။ ဒီလိုပဲ ကြိုးစားပြီးတော့ ပြောရတယ်။ စကားလုံး ပီသမှုပေါ့။ အရင်ကစကားတခု ပြောမယ်ဆိုရင် ထမင်းစားပြီးပြီလားမေးရင် လျှာတွေလိပ်ပြီးတော့ ရောထွေးသွားတယ်။ အသံကလည်း မပွင့်ဘူး။ နောက်ပိုင်းကျတော့ သေသေချာချာလေး ပီပီသသ ပြောတယ်”
“ကားရိုက်တဲ့ အချိန်ကျရင် ကိုယ်ကပရိသတ်ကို ကိုယ်ဘာပြောတယ်ဆိုတာလည်း သိရမယ်။ ကိုယ့်ရဲ့ ကာရိုက်တာကိုလည်း ပေါ်လွင်ရမယ်။ ကိုယ်ဘာလုပ်ပြတယ် ဆိုတာကို သိရမယ်။ အဲ့လိုမျိုးတွေသိရမှာ ဖြစ်တဲ့အတွက် စိန်ခေါ်မှုတွေ အရမ်းများတယ်” လို့ ပိုင်တံခွန်က ပြောပါတယ်။
ဒီကားကတော့ ပိုင်တံခွန်အတွက် ပထမဆုံးရုပ်ရှင် ဇာတ်ကားကြီးဖြစ်တဲ့အတွက်လည်း အကောင်းဆုံးကြိုးစားသွားမယ်လို့ ပြောပါတယ်။
“ကြိုးစားပြီးတော့ လုပ်ရတယ်။ ဒီအလုပ်တွေဆိုတာ တကားရိုက်ပြီးတာနဲ့ အနုပညာ အရည်အသွေး ပြည့်ဝသွားတာ မဟုတ်ဘူး။ တကယ် ရုပ်ရှင်ကားပေါင်း ရာနဲ့ချီ ရိုက်နေတဲ့သူတွေတောင် အနုပညာ အရည်အသွေး ဘယ်သူမှ မပြည့်ဝကြဘူး။ ဒီလိုပဲ အတွေ့အကြုံရယ်၊ ကြိုးစားမှုရယ် ပေါင်းစပ်ပြီးတော့ သင်ယူသွားရတာ”
“ကိုယ့်ရဲ့ပထမဆုံးကားဖြစ်တဲ့အတွက် အကောင်းဆုံး ကြိုးစားသွားရမှာပဲ။ ပရိသတ်တွေကိုလည်း အကောင်းဆုံး ဖြစ်အောင်ရော ကိုယ်တိုင်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာပဲ” လို့ ပိုင်တံခွန်က ပြောပါတယ်။
အဆိုပါ “အိပ်မက်မြစ် “ ရုပ်ရှင်ဇာတ်ကားမှာတော့ ပိုင်တံခွန်က ဝတ်မှုံရွှေရည်၊ ခင်ဇာခြည်ကျော်၊ သီဟ၊ မေမီကိုကို၊ နေရဲတို့နဲ့အတူ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
You may also like these stories:
“ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်မယ့်အကြောင်း ပြောပြတဲ့ အေးမြဖြူ
“မြန်မာပေါကားတွေရပ်” ရုပ်ရှင်ကားကို ရုံတင်မယ့်အကြောင်း ပြောပြတဲ့ လင်းဇာနည်ဇော်
ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်ကားတွေမှာ ငွေကြေးရှုံးခဲ့တဲ့ ဇာတ်ကားတွေလည်း ရှိတယ်လို့ မိုးဟေကို ပြော