Entertainment

ဗေလုဝရဲ့ ကျန်းမာရေး အခြေအနေ စိုးရိမ်ရတယ်လို့ ဇနီးဖြစ်သူ ပြော

Want create site? Find Free WordPress Themes and plugins.

ဟာသ သရုပ်ဆောင် ဗေလုဝဟာ ဦးနှောက်သွေးကြောပိတ်ရောဂါနဲ့ မြောက်ဒဂုံမြို့နယ်၊ ပင်လုံဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။ လက်ရှိ သူ့ရဲ့ကျန်းမာရေး အခြေအနေကိုလည်း စောင့်ကြည့်နေရတယ်လို့ ဗေလုဝရဲ့ ဇနီးဖြစ်သူက ဧရာဝတီကို ပြောပါတယ်။

“စနေနေ့က စဖြစ်တာပေါ့။ လျှောက်သွားနိုင်တယ်။ စကားမပြောနိုင်ကို မသိတော့ ကိုယ်တွေလည်း စိတ်ပူပြီး ဆေးရုံလာလိုက်တာ။ လေဖြတ်တယ်ဆိုတော့ အရမ်းတော့ စိတ်ပူခဲ့ရတာပေါ့။ ဖြစ်ဖြစ်ချင်း သိခဲ့ရတော့ တော်သေးတာပေါ့။ နယ်မှာသာဖြစ်ရင် မလွယ်ဘူး။ စကားပြောတဲ့ သွေးကြောလေး ပိတ်သွားတာကြောင့် စကားပြောတာတော့ မသွက်တော့ဘူး။ အခုတော့ ခေါင်းကို ဒုတိယအကြိမ် ဓာတ်မှန် ထပ်ရိုက်ထားတယ်။ သတိကတော့ ရလိုက်၊ မရလိုက် ဖြစ်နေတယ်”

“အရင်နေ့တွေက လန်းတယ်။ ဒီနေ့ နည်းနည်း မှိန်းနေလို့ ဓာတ်မှန် ထပ်ရိုက်ရတာပါ။ အရင်နေ့ အဖျား မရှိဘူး။ ဒီနေ့ အဖျားပါဝင်နေတယ်။ သားအကြီးလာတာကိုလည်း သူ့သားနာမည်ကို ပြောတယ်။ အခု ကျန်းမာရေးအခြေအနေကိုလည်း စောင့်ကြည့်နေရတဲ့ အခြေအနေပါ။ လေယာဉ်စီးလို့ရရင်တော့ ဘန်ကောက် မှာသွားကုဖို့တော့ စီစဉ်နေတယ်”

“မနေ့ကထက်စာရင် ဒီနေ့ သွေးကြောပိတ်တဲ့ နေရာက ပိုကြီးလာတယ်။ အခြေအနေက စိုးရိမ်ရတယ်။ အထူးကြပ်မတ်ဆောင် ICU ထဲ ထည့်ထားပါတယ်။ ဆရာကြီး ဦးစောဆိုင်မွန်သာနဲ့ ကုသမှု လုပ်ပါမယ်။ ဘန်ကောက် သွားကုဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။ အရင်လိုပဲ ပျော်ပျော်ရွှင်ရွှင်ပဲ ပြန်တွေ့ချင်တယ်။ သူ့ပရိသတ်တွေလည်း နေမြန်မြန်ကောင်းအောင် ဆုတောင်းပေးကြပါ”လို့ ဗေလုဝရဲ့ ဇနီးဖြစ်သူ ဒေါ်စုစုခိုင်က ဧရာဝတီကို ပြောပါတယ်။

လောလောဆယ်တော့ ဗေလုဝရဲ့ ကျန်းမာရေး အခြေအနေကို ဆက်လက် စောင့်ကြည့်ရဦးမယ်လို့လည်း ဗေလုဝရဲ့ မိတ်ဆွေတဦးဖြစ်သူ ဒေါ်ယဉ်ထွေးကလည်း ဧရာဝတီကို အခုလို ဆိုပါတယ်။

“ဦးနှောက်သွေးကြော ပိတ်တာပါ။ စကားပြောနိုင်တဲ့ ဘယ်ဘက်ခြမ်း သွေးကြောပိတ်သွားတာပါ။ လောလောဆယ် တပတ်လောက် စောင့်ကြည့်ရပါဦးမယ်။ စဖြစ်ကတည်းကလည်း စကားမပြောနိုင်ဘူး။ ကိုယ်တွေလက်တွေကတော့ ကောင်းပါတယ်”လို့ ဗေလုဝရဲ့ မိတ်ဆွေ ဒေါ်ယဉ်ထွေးက ပြောပါတယ်။

ဟာသ သရုပ်ဆောင် ဗေလုဝဟာ အနုပညာ အလုပ်တွေအပြင် မြို့၊ ရွာတွေမှာရှိတဲ့ စာပေဟောပြောပွဲ တွေမှာလည်း တတပ်တအား ပါဝင်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်လုပ်ငန်းအဖြစ် “လယ်သူမ” ဆိုတဲ့ မြန်မာထမင်းဆိုင်ကိုလည်း ဖွင့်လှစ်ထားပါတယ်။ ဗေလုဝက “ဤအရာကို အချစ်လို့ခေါ်သလား” ရုပ်ရှင်နဲ့ အကယ်ဒမီဆု ရရှိထားသူ ဖြစ်ပါတယ်။

ဆက်စပ် ဖတ်ရှုရန် သတင်းလင့်ခ်များ

ဒီနှစ် အကယ်ဒမီပေးပွဲကို ဇနီးဖြစ်သူနဲ့အတူ တက်မယ့် အကယ်ဒမီ ဗေလုဝ

“လယ်သူမ” ထမင်းဆိုင်မှာ ဈေးများတယ်လို့ ဝေဖန်ကြတဲ့အပေါ် ဖြေရှင်းလိုက်တဲ့ ဗေလုဝ

Did you find apk for android? You can find new Free Android Games and apps.
Loading