အဆိုတော် Billie Eilish ဟာ မကြာခင် ထွက်ရှိလာတော့မယ့် ဂျိမ်းစ်ဘွန်းရုပ်ရှင်အသစ် “No Time To Die” ရဲ့ ဇာတ်ဝင်သီချင်းကို သီဆိုမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီသတင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းမှာ ဂျိမ်းစ်ဘွန်းရုပ်ရှင် ထုတ်လုပ်သူတွေက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ထုတ်လုပ်သူတွေဖြစ်တဲ့ Michael G. Wilson နဲ့ Barbara Broccoli တို့က သီချင်းနဲ့ ပတ်သက်လို့ အခုလိုဆိုပါတယ်။ “Billie နဲ့ FINNEAS တို့ဟာ ‘No Time To Die’ အတွက် ရုပ်ရှင်ရဲ့ စိတ်ခံစားဖွယ် ဇာတ်လမ်းအကြောင်း ရေးသားဖန်တီး ထားတဲ့ အင်အားပြင်း၊ စိတ်လှုပ်ရှားဖွယ် သီချင်းတပုဒ်ကို ရေးသားခဲ့ပြီးပြီလို့ ကျနော်တို့ စိတ်လှုပ်ရှားစွာနဲ့ ကြေညာလိုက်ပါတယ်”လို့ ပြောဆိုထားပါတယ်။
အဆိုတော် Eilish က “အဲ့ဒီအပိုင်းမှာ ပါဝင်ရတာ တော်တော်လေးကို ရူးလောက်ပါတယ်။ ဂန္တဝင် စီးရီးလိုမျိုး ရုပ်ရှင်ကားမှာ အဓိကဇာတ်ဝင်တေး သီချင်းကို သီဆိုရတာဟာ တကယ့်ကိုပဲ ကြီးမားတဲ့ ဂုဏ်သိက္ခာ ဖြစ်ပါတယ်။ ဂျိမ်းစ်ဘွန်းဟာ ရှိဖူးသမျှ ရုပ်ရှင်စီးရီးတွေထဲမှာ အမိုက်ဆုံးပါ။ ကျမအခုအထိ အံ့သြမိနေတုန်းပဲ” လို့ ဝေမျှပြောဆိုခဲ့ပါတယ်။
အဲ့ဒီသီချင်းကိုတော့ အဆိုတော် Eilish နဲ့အတူ FINNEAS လို့ လူသိများတဲ့ သူ့ရဲ့ အစ်ကို Finneas O’Connell တို့ ပူးတွဲရေးသားထားကြတာ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ် အဆိုတော် Eilish ဟာ ဂျိမ်းစ်ဘွန်းရုပ်ရှင် သမိုင်းမှာ ဇာတ်ဝင်တေးကို အသက်အငယ်ဆုံး သီဆိုသူ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာတော့ ဇာတ်ဝင်တေးတွေကို Madonna, Chris Cornell, Duran Duran နဲ့ Tina Turner တို့လိုမျိုး နာမည်ကျော် အဆိုတော်တွေက သီဆိုခဲ့ကြပါတယ်။ Adele ရဲ့ “Skyfall” နဲ့ Sam Smith ရဲ့ “Writing’s On The Wall” သီချင်းတွေဟာ အော်စကာဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ဝင်သီချင်းဆုကို ရရှိခဲ့ပါတယ်။
ဒါရိုက်တာ Cary Joji Fukunaga က “ဘွန်းရုပ်ရှင် ဇာတ်လမ်းအတွက် သီဆိုမယ့်သူအချို့ကို ရွေးချယ်ခဲ့ပါပြီ။ ကျနော်က Billie နဲ့ FINNEAS တို့ရဲ့ အမာခံပရိသတ် ဖြစ်ပါတယ်။ သူတို့ရဲ့ ဖန်တီးနိုင်မှုနဲ့ စွမ်းရည်တွေက ပြိုင်ဘက် မရှိလောက်အောင်ပါပဲ။ မျိုးဆက်သစ်တွေအတွက် အသံကို ပိုင်ဆိုင်ထားတဲ့သူတွေ ယူဆောင်လာမယ့် အရာတွေကို ပရိသတ်တွေကို နားဆင်စေချင်ပါပြီ”လို့ ပြောကြားခဲ့ပါတယ်။
Ref: etcanada.com
You may also like these stories:
“Lord of the Rings” စီးရီးအတွက် “Game of Thrones” သရုပ်ဆောင်တွေကို Amazon ရွေးချယ်ထား
Russo Brothers ရိုက်ကူးမယ့် လျှို့ဝှက်ထောက်လှမ်းရေး စီးရီးမှာ ပါဝင်မယ့် Priyanka Chopra
သြစတြေးလျ တောမီးအတွက် ရည်ရွယ်လှူဒါန်းခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ