သရုပ်ဆောင် ခင်လှိုင်ရဲ့သားဖြစ်သူ နေရဲကတော့ အနုပညာနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူကို ဒုက္ခမပေးချင်တဲ့အတွက် ခေါင်းဆောင်မင်းသား တယောက်အနေနဲ့ ရိုက်ပေးဖို့ မပူဆာဘဲ ကိုယ်တိုင်ကြိုးစားလာခဲ့တယ်လို့ ပြောပါတယ်။
“ကျနော် မပူဆာဘူး။ အဖေ့ကို ခေါင်းခြောက်အောင် လုပ်မယ့်အလုပ်ကို အရင်ကတည်းကပေါ့။ ကျနော်ရုပ်ရှင် ကားကြီးတွေ စရိုက်တဲ့အချိန်ကတည်းက။ ဗီဒီယိုကား တခေတ်မှာတော့ ငယ်ငယ်က မသိတော့ လုပ်ချင်တဲ့စိတ်နဲ့ ပြောခဲ့မိတယ်”
“အဲဒါတွေက ကျနော့်အတွက် ဆိုးကျိုးဘာတွေဖြစ်လဲဆိုရင် မိဘကဘယ်လို အခြေအနေရှိနေလဲ မသိဘူး။ ဗီဒီယိုဈေးကွက် ဘယ်လိုရှိနေလဲဆိုတာကို မသိဘူး။ ကျနော် ရိုက်ချင်တဲ့ စိတ်တခုတည်းနဲ့ အဖေကလည်း ဗီဒီယိုဈေးကွက် ပျက်တာကို သိသိကြီးနဲ့ ကျနော့်ရဲ့ဖြစ်ချင်တဲ့စိတ်ကို ဦးစားပေးခဲ့တာဆိုတော့ အရမ်းကြီးအရှုံးပေါ်ခဲ့တယ်”လို့ နေရဲကပြောပါတယ်။
ဆက်လက်ပြီး “အဲ့တော့ ကျနော် အဖေ့ကို စိတ်ဒုက္ခမပေးချင်ဘူး။ အဲ့အချိန်ကတည်းက ကျနော့်ဘာသာကြိုးစားလာခဲ့တယ်။ ဘယ်လိုနေရာပဲရရ ကြိုးစားလာတာ အခုအချိန်ထိပဲပေါ့။ စိတ်ဓာတ် ပြင်ဆင်တာလည်း ပါတယ်။ မိသားစုထဲမှာ ကိုယ့်ကြောင့် ဘယ်သူပဲဖြစ်ဖြစ် စိတ်ဒုက္ခဖြစ်မှာ၊ စိတ်ခုနေမှာ ကျနော် မလိုချင်ဘူး။ အဲ့အတွက်ကြောင့် ပြင်ဆင်တာပါ” လို့ နေရဲက ပြောပါတယ်။
နေရဲက သူ့အနေနဲ့တော့ အနုပညာနဲ့ ပတ်သက်ရင် ယုံကြည်မှုရှိပြီး မင်းသားလုပ်ရင် ဖြစ်ပါ့မလားဆိုတဲ့ စိတ်မရှိဘူးလို့ ဆိုပါတယ်။
“အဓိကက ယုံကြည်မှုဆိုတဲ့ နေရာမှာ အမြဲတမ်းတော့ အနုပညာနဲ့ ပတ်သက်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီးသား။ အဖေကလည်း သူ့အနုပညာ သူ ယုံကြည်တယ်။ အဓိက ကျနော်တို့ဖြစ်တဲ့ ပြဿနာက ငွေစိုက်ထုတ်တဲ့ အနေအထားကို မလုပ်ချင်ဘူး”
“မလုပ်ချင်ဘူးဆိုတာကလည်း အဖေက ကျနော့်အတွက် ခေါင်းခြောက်ရမယ်။ ပိုက်ဆံထုတ်ရမယ်ဆိုရင် သူလည်း အလုပ်တွေ အများကြီး လုပ်ရမှာ၊ ပိုက်ဆံစုရမှာ ပင်ပန်းမယ်။ အနုပညာနဲ့ ပတ်သက်ရင်တော့ မင်းသားလုပ်ရင် ဖြစ်ပါ့မလားဆိုတဲ့ ယုံကြည်မှုကတော့ ကျနော့်မှာ မရှိဘူး။ အကောင်းဆုံးတော့ လုပ်ဖို့ရှိပြီးသား”လို့ နေရဲက ပြောပါတယ်။
သရုပ်ဆောင်တယောက် ဖြစ်တဲ့အတွက် မင်းသားတယောက် နေရာ မဟုတ်လည်း ဇာတ်ကွက်ရတာနဲ့တင် အကောင်းဆုံး ကြိုးစားတယ်လို့ ဆိုပါတယ်။
“မင်းသားနေရာမှ မဟုတ်ဘူး။ နည်းနည်းလေး ဇာတ်ကွက်ရလို့ ၄၊ ၅၊ ၆ ခန်းလောက် နေရာရရင်တောင် ကျနော် အကောင်းဆုံး ကြိုးစားတာပဲ။ ယုံကြည်မှုကတော့ ရှိပြီးသားပါ” လို့ နေရဲက ပြောပါတယ်။
အခုအချိန်မှာတော့ အဓိကမင်းသား တယောက်အနေနဲ့ မဟုတ်လည်း ရတဲ့ ဇာတ်ကောင်များကို အကောင်းဆုံးကြိုးစားပြီး ကံအကြောင်း တိုက်ဆိုင်လာပါက ပိုပြီးအောင်မြင်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကိုယ်အကောင်းဆုံး ကြိုးစားတဲ့ အချိန်ကျရင် တနေ့နေ့တချိန်ချိန် ကိုယ့်ရဲ့ကံ၊ စန်းရှိတဲ့ အနေအထားမှာ သူ့ဟာသူ အဆင်ပြေသွားမှာပါ။ အသစ်တွေကို နေရာပေးခြင်း၊ မပေးခြင်းကတော့ ပရိသတ်ကတော့ ဘယ်သူပဲပေါ်လာပေါ်လာ အားပေးနေကြတာပဲ။ ကိုယ့်ရဲ့ကံနဲ့အကြောင်း တိုက်ဆိုင်မှုရှိတဲ့အခါမျိုးမှာ ပိုပြီးပေါ်လွင်မယ်။ အောင်မြင်မယ်” လို့ နေရဲက ပြောပါတယ်။
သရုပ်ဆောင် နေရဲဟာ မကြာခင်မှာတော့ ဒါရိုက်တာ ကိုပေါက် ရိုက်မယ့် “အိပ်မက်မြစ်” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး တခြားသော ရုပ်ရှင်ကားများ ရိုက်ကူးဖို့လည်း ဖခင်ဖြစ်သူနဲ့ တိုင်ပင်ထားတယ်လို့ သိရပါတယ်။
You may also like these stories:
အနုပညာ အရည်အသွေး မပြည့်တဲ့ကားတွေ ရိုက်ပြီး ပရိသတ်ကို ညာစားရမှာ ကြောက်တဲ့ ပိုင်တံခွန်
“မျက်လုံး အိုက်တင်တွေကို မကြီးစိုးက သင်ပေးတယ်”လို့ နန်းခင်ဇေယျာ ပြော
ဇနီးနဲ့ သားသမီးတွေ ပေါင်းပြီး iPhone 11 ကန်တော့လို့ ကြည်နူးရတယ်လို့ ခင်လှိုင် ပြော