ဆီနီဂေါနိုင်ငံမှာ "Akon City" ဆိုတဲ့မြို့ကို တည်ထောင်လိုက်တဲ့ အဆိုတော် Akon
အဆိုတော် Akon ဟာ သူ့ရဲ့ မွေးရပ်နိုင်ငံဖြစ်တဲ့ ဆီနီဂေါမှာ ကိုယ်ပိုင်မြို့တခုကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါတယ်။ “Akon City” လို့ခေါ်တဲ့ အဲ့ဒီမြို့အကြောင်းကို Rap အဆိုတော်၊ စွန့်ဦးတီထွင်လုပ်ငန်းရှင် Akon က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပြီး အဲ့ဒီမြို့သစ်အတွက် သဘောတူညီချက်ကို အပြီးသတ်ရရှိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
သူက “အနာဂတ်ကျရင် အဲ့ဒီမှာ ခင်ဗျားတို့ကို ဧည့်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ Twitter မှာ ဖော်ပြခဲ့ပါတယ်။ ဆီနီဂေါနိုင်ငံဖွား အဆိုတော် Akon ဟာ သမ္မတ Macky Sall ကနေ လက်ဆောင်ပေးထားတဲ့ ဧက ၂၀၀၀ ရှိတဲ့ မြေပေါ်မှာ အဲ့ဒီမြို့ကို တည်ဆောက်မယ်လို့ ၂၀၁၈ ခုနှစ်ကတည်းက အနာဂတ်အတွက် လျှို့ဝှက်မြို့တော် စီမံကိန်းအကြောင်း ကြေညာထားခဲ့ပြီး ဖြစ်ပါတယ်။
အဲ့ဒီမြို့အသစ်မှာ AKoin လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးကိုလည်း သုံးစွဲမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီမြို့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာတော့ အနောက်အာဖရိကမှာ ရှိတဲ့ ဆီနီဂေါနိုင်ငံရဲ့ လေဆိပ်အသစ်ကနေ ၅ မိနစ် ကားမောင်းတာနဲ့ မြို့ကို ရောက်နိုင်ပြီလို့ ဆိုထားပါတယ်။
အဆိုတော် Akon ဟာ ဆီနီဂေါနိုင်ငံမှာ မွေးဖွားခဲ့ပြီးတဲ့နောက် အသက် ၇ နှစ်အရွယ်မှာ နယူးဂျာစီပြည်နယ်၊ Union City ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ “Locked Up,” “Lonely” နဲ့ “Oh Africa” စတဲ့ သီချင်းတွေနဲ့ လူသိများထင်ရှားတဲ့ Akon ဟာ အခု လတ်တလောမှာတော့ ဂီတပညာရှင်ထက် စီးပွားရေး လုပ်ငန်းရှင်တဦးအနေနဲ့သာ လှုပ်ရှားနေသူ ဖြစ်ပါတယ်။
သူဟာ မကြာသေးခင်တုန်းကလည်း အာဖရိကနိုင်ငံတွေကို ဆိုလာစွမ်းအင် ထောက်ပံ့ပေးမယ့် Akon Lighting Africa အစီအစဉ်ကိုလည်း စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ CNN ရုပ်သံဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ သူက “ကျနော်က အာဖရိကမှာ အကြီးမားဆုံး အကျိုးသက်ရောက်မှုတွေကို လုပ်ချင်ပါတယ်။ ကျနော့်မှာ လုပ်ပိုင်ခွင့်ရှိမယ်ဆိုရင် အာဖရိကဟာ အာဖရိကပြည်ထောင်စု ဖြစ်လာမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
Ref: CNN
You may also like these story: