Entertainment

မင်းသား The Rock ရဲ့ ဖခင် နပန်းသမားကြီး Rocky Johnson ကွယ်လွန်

ဟောလိဝုဒ်မင်းသား Dwayne “The Rock: Johnson ရဲ့ ဖခင်၊ ပရော်ဖက်ရှင်နယ် နပန်းသမားကြီး Rocky Johnson ဟာ အသက် ၇၅ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း The Cauliflower Alley Club ကနေ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ အဲ့ဒီကလပ်ဟာ လက်ရှိနဲ့ အနားယူခဲ့ပြီဖြစ်တဲ့ နပန်းသမားတွေအတွက် ထူထောင်ထားတဲ့အဖွဲ့အစည်း ဖြစ်ပြီး နာရေးသတင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့နှောင်းပိုင်းမှာ ကြေညာခဲ့တာဖြစ်ပါတယ်။

“ကြားသိရမှာ စိတ်မကောင်းဖြစ်ရတဲ့ သတင်းပါ။ Rocky Johnson ဟာ အသက် ၇၅ နှစ်အရွယ်မှာပဲ ကွယ်လွန်ခဲ့ပြီဆိုတာ သိရှိခဲ့ရပါတယ်။ ဒီလောကထဲမှာ သူ့ရဲ့ ဂုဏ်ပြုခံရမှု၊ သူလွှမ်းမိုးခဲ့တဲ့ လူတွေအားလုံး၊ သူလုပ်ဆောင်ခဲ့တဲ့ အလုပ်တွေအားလုံးအတွက် တကယ့်ကိုပဲ စိတ်မကောင်းဖြစ်မိပါတယ်။ သူ့မိသားစုကို ဒီအချိန်မှာ ချစ်ပေးဖို့က လွဲရင်ဘာကိုမှ မမျှော်လင့်တော့ပါဘူး”လို့ အဆိုပါ ကလပ်ရဲ့ Twitter အကောင့်မှာ ရေးသားထားပါတယ်။

ဒီသတင်းကို ရေးသားနေတဲ့အချိန်အထိ သေဆုံးရတဲ့ အကြောင်းအရင်းကို မထုတ်ပြန်သေးတဲ့အပြင် မင်းသား Dwayne အပါအဝင် နပန်းသမားကြီး Rocky ရဲ့ မိသားစုက အခုလိုနားရေးသတင်းနဲ့ ပတ်သက်လို့ လူသိရှင်ကြား မှတ်ချက်ပေးတာမျိုးလည်း မရှိသေးပါဘူး။

Wayde Douglas Bowles လို့နာမည်ရင်းရှိတဲ့ Rocky ဟာ နှစ်ပေါင်း ၂၅ နှစ်ကြာ နပန်းလောကမှာ ဖြတ်သန်းခဲ့ပြီးတဲ့နောက် ၂၀၀၈ ခုနှစ်မှာ WWE Hall of Fame မှာ မှတ်တမ်းတင်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

သူဟာ သူ့ရဲ့ နပန်းသမားအဖြစ် ဖြတ်သန်းခဲ့တဲ့ သက်တမ်းတလျှောက်မှာ နယ်ပယ်မျိုးစုံမှာ နပန်းထိုးသတ်ခဲ့ပြီး အဖွဲ့လိုက် နပန်းသတ်မှုလို့ သူခေါ်ဆိုတဲ့ လှုပ်ရှားမှုကို မစတင်ခင် ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ Harley Race နဲ့ Terry Funk တို့လို NWA ကမ္ဘာ့ချန်ပီယံတွေကိုလည်း စိန်ခေါ်ထိုးသတ်ခဲ့သူ ဖြစ်ပါတယ်။ ဒေသတွင်း NWA ခါးပတ်မျိုးစုံကို ရရှိခဲ့ပြီးတဲ့နောက် ၁၉၈၂ ခုနှစ်မှာ WWF အဖွဲ့ထဲကို ဝင်ခဲ့ပြီး Tony Atlas နဲ့ တွဲဖက်ခဲ့ပါတယ်။

Tony နဲ့ တွဲဖက်ခဲ့ရာကနေ The Wild Samoans အဖွဲ့ကို အနိုင်ရခဲ့ပြီးတဲ့နောက် ၁၉၈၃ ခုနှစ်မှာ ပထမဆုံး WWF Tag ချန်ပီယံ ခါးပတ်နက် စုံတွဲဆုရှင်တွေ ဖြစ်လာခဲ့ကြပါတယ်။ သူကွယ်လွန်ခဲ့ပြီဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ နပန်းသမားဟောင်း Mick Foley အပါအဝင် သူတု့ိလောကထဲက လုပ်ဖော်ကိုင်ဖ က်တွေဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဝမ်းနည်းကြောင်း ပြောဆိုခဲ့ကြပါတယ်။

နပန်းသမားဟောင်း Mick က “ထူးခြားတဲ့ Rocky Johnson ကွယ်လွန်ခဲ့ပြီလို့ ကြားရတာ တကယ်စိတ်မကောင်း ဖြစ်မိပါတယ်။ အမြဲတမ်း လူကြီးလူကောင်းဆန်ခဲ့ပြီး သူနဲ့ စကားပြောတဲ့ အချိန်တိုင်း ကျေနပ်ခဲ့ရပါတယ်။ သူ့ကိုချစ်ကြတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ ပရိသတ်တွေအတွက်ပါ အထူး စိတ်မကောင်း ဖြစ်မိပါတယ်။ နပန်းလောကအတွက် တကယ့်ကိုပဲ စိတ်မကောင်းဖြစ်ဖွယ်နေ့ ဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ကွယ်လွန်သူ နပန်းသမားကြီး Rocky ဆီမှာ ကျန်ရစ်သူတွေအဖြစ် သားဖြစ်သူ Dwayne ၊ ဇနီးဖြစ်သူ Dana Martin တို့ပြင် အခြားကလေးနှစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

Ref: asiaone

You may also like these stories:

“The Rock” ဖြစ်တည်လာပုံ ရိုက်ကူးမယ့် ဟာသစီးရီးမှာ မင်းသား Dwayne Johnson ပါဝင်မည်

Marvel စတူဒီယိုမှာ ‘Deadpool 3’ ရုပ်ရှင်ရိုက်ကူးနေပြီလို့ Ryan Reynolds အတည်ပြုပြော

မင်းသား Cillian Murphy ရဲ့ ဇာတ်ကောင်ကို မိတ်ဆက်ပြသခဲ့တဲ့ “A Quiet Place: Part II”

Loading