Entertainment

“မြန်မာပေါကားတွေရပ်” ရုပ်ရှင်ပိုစတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေတဲ့ ဒါရိုက်တာ ဉာဏ်ထင်

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခန့်က စတင်လို့ ရုပ်ရှင်နဲ့ ပတ်သက်ပြီး “ပေါကားရပ်များရပ်” ဆိုတဲ့ စကားစုတခု ပေါ်ထွက်လာခဲ့ပါတယ်။ အဲ့ဒီစကားစုကို မြန်မာ့ရုပ်ရှင်လောကမှ ရုပ်ရှင်ဇာတ်ကားတကားအဖြစ် ဖန်တီးခဲ့တဲ့အပေါ်မှာ လူငယ် ဒါရိုက်တာတဦးဖြစ်တဲ့ ဒါရိုက်တာ ဉာဏ်ထင်က စိတ်မကောင်းဖြစ်ရတဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

“လူတိုင်း ဖန်တီးမှုတိုင်းကို လေးစားမှု ထားတယ်။ ကိုယ်ကိုယ်တိုင် ဒီဘက်ခေတ်က Filmmaker တယောက်ဖြစ်ပေမယ့် MainStream တွေထဲမှာရှိတဲ့ ဟာသကားတွေကို “ပေါကား” ဆိုပြီး လူရှေ့မှာ ဘယ်တုန်းကမှ မသုံးနှုန်းဖူးဘူး။ အင်တာဗျူးတွေမှာ မီဒီယာတွေက ပင့်ပေးတဲ့သဘောနဲ့ “အခုပေါကားတွေကို ပရိသတ်ဝေဖန်နေတာ ဘယ်လိုမြင်ပါလဲ” စသဖြင့် မေးလာရင်တောင် “ပေါကား” ဆိုတဲ့အသုံးမျိုး လုံးဝ မသုံးမိဖို့ သတိထားပြီး ရှောင်တယ်”လို့ ဒါရိုက်တာ ဉာဏ်ထင်က ဆိုထားပါတယ်။

မကြာသေးမီကလည်း နိုင်ငံခြားသားတဦးက “ပေါကား ပေါကား” ဆိုပြီး သူ့ရဲဗီဒီယိုများမှာ ပြောခဲ့တာကြောင့် လှောင်တယ်လို့ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

ဒါရိုက်တာ ဉာဏ်ထင် (ဓာတ်ပုံ – Nyan Htin’s Facebook)

“တလောက Longyi Man ဆိုတဲ့ နိုင်ငံခြားသားတယောက်က “ပေါကား ပေါကား” ဆိုပြီးသူ့ရဲ့ Video တခုမှာ တွင်တွင်ကြီးခေါ်နေတာတွေ့လို့ ဒေါသတောင် ထွက်မိသေးတယ်။ ကိုယ့်မြန်မာလူမျိုးတွေကို လာလှောင်နေတယ်လို့ ခံစားရလို့” လို့ ဒါရိုက်တာ ဉာဏ်ထင်က ဆိုပါတယ်။

အဆိုပါ ဝေဖန်ခံခဲ့ရတဲ့ “ပေါကား” ဆိုသော စကားရပ်ကို ပြန်လည် အသုံးပြုကာ အနုပညာရှင်များစွာဖြင့် ရုပ်ရှင်ဇာတ်ကား တကားကို ဖန်တီးခဲ့တဲ့အတွက်လည်း ပရိသတ်များကို ပြန်ရွဲ့တဲ့ သဘောလားလို့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။

“အခု Main Stream ထဲက ဒီလူတွေကပဲ အဲဒီလိုမျိုး အသုံးအနှုန်းပါတဲ့ နာမည်ကြီးနဲ့ ရုပ်ရှင်ပါ ထွက်လာတော့ ဘာပြောရမှန်းမသိအောင် ဖြစ်သွားတယ်။ ဘာသဘောနဲ့ ဒီလိုနာမည်ကြီးပေးပြီး ရိုက်တာလဲ။ ငါတို့ ရိုက်တဲ့ကားတွေကို ပေါကားလို့ ခေါ်တယ်။ ရတယ်၊ ဂရုမစိုက်ဘူး။ ဒီလို နာမည်ပေးပြီး ရုပ်ရှင်ပါရိုက်ပစ်လိုက်မယ်ဆိုတဲ့ သဘောလား ပရိသတ်တွေကို ပြန်ရွဲ့တဲ့ သဘောလား”လို့ ဒါရိုက်တာ ဉာဏ်ထင်က ဆိုထားပါတယ်။

အဆိုပါ “မြန်မာပေါကားတွေရပ်” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ မိုက်တီးက ရိုက်ကူးထားတာဖြစ်ပြီး ကျော်သူ၊ လူမင်း၊ ပြေတီဦး၊ နေမျိုးအောင်၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်နှင့် တခြားသော သရုပ်ဆောင်များက သရုပ်ဆောင်ထားကာ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

“အမှန်က ပေါကားလို့ အခေါ်ခံနေရရင် အဲဒီလို အခေါ်မခံရလောက်တဲ့ အခြေအနေအထိ ကောင်းတဲ့ကားတွေ ရိုက်နိုင်အောင် ကြိုးစား၊ ပြီးရင် ဖြစ်အောင်ရိုက်၊ ဝေဖန်နေတဲ့ ပရိသတ်ကို အလုပ်နဲ့သက်သေပြပြီး ဝေဖန်သံတွေ တိတ်အောင် လုပ်ပစ်၊ အဲဒီလို ဖြစ်ရမှာပါ။ အဲဒီလို မဟုတ်ဘဲ ရိုက်မြဲအတိုင်း ဆက်ရိုက်၊ ရွဲ့တဲ့သဘောနဲ့ ဒီလိုနာမည်တွေ ပေးဆိုရင်တော့ တကယ်ကို စိတ်မကောင်းစရာပါ” လို့ ဒါရိုက်တာ ဉာဏ်ထင်က ပြောထားပါတယ်။

ဒါရိုက်တာ ဉာဏ်ထင်အနေနဲ့လည်း ပုံမှန်မြင်နေကျ မြန်မာ့ရုပ်ရှင်ဇာတ်ကားများနဲ့ ကွဲထွက်တဲ့ အိုင်ဒီယာများနဲ့ ရုပ်ရှင်ဇာတ်ကားများကို ဖန်တီးထားပြီး လက်ရှိမှာတော့ “Dimensions” ၊ “မြို့ပြမုဆိုးများ” နဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ “လိပ်ပြာ” (အမှန်တရားရဲ့ဓားတလက်) တို့ကို ရိုက်ကူးထားပြီး ဖြစ်ပါတယ်။

You may also like these stories:

မွေးနေ့ အလှူအဖြစ် “ပျံကျကူလီ” ရုပ်ရှင် ရိုက်ခဲ့တဲ့နေရာမှာ စတုဒိသာ ကျွေးခဲ့တဲ့ ထွန်းကိုကို

“၃ (က)”ရုပ်ရှင်ကို လွှတ်တော်က တာဝန်ရှိသူတွေ သိသွားရင် ကျေနပ်ပြီ

“Morbius” ရုပ်ရှင် Trailer ကြောင့် အံ့သြခဲ့ရတဲ့ DC နဲ့ Marvelပရိသတ်များ

Loading