Entertainment

"7 Rings" သီချင်းမူပိုင်ခွင့် ချိုးဖောက်မှုဖြင့် တရားစွဲခံရတဲ့ အဆိုတော် Ariana Grande

၂၀၁၉ ခုနှစ်အတွက် ဂရမ်မီဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ “7 Rings” သီချင်းဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက ဖန်တီးထားတဲ့ သီချင်းတပုဒ်ကို ပုံတူကူးချခဲ့တာဆိုပြီး ဟစ်ဟော့ပ် အနုပညာရှင်တဦးက အဆိုတော် Ariana Grande နဲ့ တဒါဇင်ဝက်လောက်ရှိတဲ့ သီချင်းရေးဆရာတွေကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

DOT ကုမ္ပဏီလက်အောက်မှာ ဖျော်ဖြေမနေတဲ့ အဆိုတော် Josh Stone က နယူးယောက်မြို့မှာရှိတဲ့ အမေရိကန် ခရိုင်တရားရုံးမှာ အဆိုတော် Grande ရဲ့ နာမည်ကျော် သီချင်းဟာ သူ့ရဲ့ “You Need It, I Got It” ဆိုတဲ့ သီချင်းကို ကူးယူခဲ့တယ်လို့ဆိုပြီး ဂီတကျွမ်းကျင်ပညာရှင်တွေက ကောက်ချခဲ့တဲ့အကြောင်း ဖော်ပြပြီး တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။

အဆိုတော် Stone ရဲ့ရှေ့နေတွေက “သံစဉ်၊ စာသား၊ အဆွဲအငင်၊ သံစဉ် တည်ဆောက်ပုံ၊ တေးသွားနေရာချထားမှု၊ နောက်ခံအသံထွက်မှုတွေကို ဂီတပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ နေ့စဉ် နားဆင်သူတွေက နားထောင်ခဲ့ပြီးတဲ့နောက် “7 Rings” ဟာ “I Got It” ကို ကူးယူထားခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းတွေ့ရှိထားရပါတယ်” လို့ တရားရုံးကိုတင်တဲ့ စာရွက်စာတမ်းတွေထဲမှာ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဂရမ်မီဆုပေးပွဲမှာ ဆန်ခါတင်ဆု ၅ ဆု လျာထားခံခဲ့ရတဲ့ အဆိုတော် Grande ရဲ့ ကိုယ်စားလှယ်တွေကတော့ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ မှတ်ချက် တစုံတရာ ပေးတာမျိုး မရှိသေးပါဘူး။ အဆိုတော်ရဲ့ Republic Records ကုမ္ပဏီကလည်း မှတ်ချက်မပေးသေးပါဘူး။

၁၉၅၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Sound of Music” ရုပ်ရှင်ထဲက “My Favorite Things” ဂန္တဝင်တေးကို ငှားယူ သုံးစွဲထားတဲ့အတွက် Richard Rodgers နဲ့ Oscar Hammerstein တို့ိကို သီချင်းရေးသားသူ အဖြစ် မှတ်တမ်းတင် ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာဖြန့်ချိခဲ့တဲ့ အဲ့ဒီ “7 Rings” သီချင်းဟာ တနှစ်တာအတွက် အသံသွင်းယူမှု ဆုအပါအဝင် ဂရမ်မီဆု နှစ်ခု လျာထားခံခဲ့ရပါတယ်။ ငွေကြေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပြင် အဆိုတော် Grande အနေနဲ့ အနာဂတ်မှာလည်း “7 Rings” သီချင်းကို ဖျော်ဖြေခြင်း မပြုဖို့နဲ့ အဲ့ဒီသီချင်း ကော်ပီချပ်တွေအားလုံးကို ဖျက်ဆီးပစ်ဖို့ ပြန်လည် သိမ်းယူရေး တရားစွဲဆိုသူ Stone က တောင်းဆိုထားပါတယ်။

Ref: Reuters

You may also like these stories:

သီချင်းမူပိုင်ခွင့်တွေ ဆုံးရှုံးလိုက်ရတဲ့အကြောင်း ရင်ဖွင့်ခဲ့တဲ့ အဆိုတော် Taylor Swift

မျက်နှာ မတူလို့ ဝေဖန်ခံနေရတဲ့ Madame Tussauds ပြတိုက်မှ Ariana Grande ပုံတူ

ဂီတပွဲတော်မှာ BLACKPINK အဖွဲ့ရဲ့ ဖျော်ဖြေမှုကို ကြည့်ရှုမယ်လို့ Ariana Grande ဆို

Loading