Entertainment

"ပျံကျကူလီ" ရုပ်ရှင်ရိုက်ရင်း ကုန်ထမ်းသမားတွေ ဘဝကို စာနာမိတယ်လို့ ဆိုလာတဲ့ ကောင်းပြည့်

Want create site? Find Free WordPress Themes and plugins.

ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးထားတဲ့ “ပျံကျကူလီ” ရုပ်ရှင်ကားမှာ ကူလီ(အထမ်းသမား)အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကောင်းပြည့်က သရုပ်ဆောင်ရတဲ့အချိန် သူ့ရင်ထဲမှာ စိတ်မကောင်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“လူတိုင်းကတော့ တယောက်နဲ့ တယောက် အခြေအနေတွေ တူကြမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီကို ရောက်ပြီးတော့ ဇာတ်ကားရိုက်နေရတဲ့အချိန်မှာ စာနာမိတာကတော့ အမှန်ပဲ။ ကိုယ်တွေတောင် ခဏလေး နေပူထဲမှာ ကုန်ထမ်းရတဲ့ ဇာတ်ဝင်ခန်းလေးရိုက်တာ ဒဏ်မခံနိုင်ဘူး။ သူတို့ဆိုရင် နေပူထဲမှာ တနေကုန် ချွေးတောက်တောက် ကျအောင် လုပ်ရတယ်။ ပင်ပင်ပန်းပန်းလည်း လုပ်ရသလို မနက်ဆိုရင်လည်း အစောကြီးပြန်ထရတယ်။ အစားလည်း ကောင်းတာတွေ မစားရဘူး။ ကိုယ့်မျက်စိရှေ့မှာ မြင်နေ၊ တွေ့နေရတော့ စိတ်မကောင်း ဖြစ်မိတာ အမှန်ပဲ”လို့ ကောင်းပြည့်က ပြောပါတယ်။

ကောင်းပြည့်ဟာ ကူလီသမားတယောက်ရဲ့ ဘဝတွေကို ကူလီသမား ကာရိုက်တာနဲ့ သရုပ်ဆောင်မှ တကယ်ကို သိခဲ့ရတယ်လို့ ဆိုပြီး ဇာတ်ကားရိုက်ကူးခဲ့တဲ့ အချိန်မှာလည်း ပျော်စရာ အမှတ်တရတွေ အများကြီးရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကိုယ့်နေရာဒေသ ပတ်ဝန်းကျင်မှာရှိတဲ့ ပုံစံမျိုးတွေလည်း လေ့လာရသလို တကယ်ဈေးထဲ ရောက်တဲ့ အချိန်မှာလည်း အဲဒီနေရာမှာ ကူလီထမ်းတဲ့ အစ်ကိုတွေနဲ့ နေ့တိုင်း စကားလက်ဆုံ ကျတယ်။ ပြီးတော့ သူတို့ရဲ့ နေပုံထိုင်ပုံ၊ စားသောက်ပုံတွေကို တကယ်မှတ်ယူပြီးတော့ ဇာတ်ကားရိုက်တဲ့အခါမှာ အများကြီး အသုံးချခဲ့ရတာတွေလည်း ပါတယ်။ ကျနော်တို့ အသားညိုဖို့လည်း မိတ်ကပ်လိမ်းခဲ့ ရတယ်။ ဈေးထဲမှာ စရိုက်ပြီဆိုရင် ကူလီထမ်းတဲ့ အစ်ကိုတွေ နေထိုင်သလို ပုံစံမျိုးပဲ သူတို့တွေက အောက်မှာ ထမင်းထိုင်စားပြီဆိုရင် ကျနော်တို့လည်း သူတို့လို ထိုင်စားတယ်။ ရှုတင်ပြီးလို့ အိမ်ရောက်မှသာ ခြေလက်ဆေးကြောပေါ့”

“ရိုက်ကွင်းပေါ်မှာတော့ လုံးဝ ပေပေတေတေ ပုံစံမျိုးပဲ ကျနော်တို့ နေခဲ့ကြတာ။ ကျနော်တို့တွေကလည်း သူတို့ကို မိသားစုလို ဆက်ဆံတယ်။ မင်းသားတယောက်လို မနေဘဲ မိသားစုလို နေခဲ့ကြတာဖြစ်တဲ့အတွက် ကျနော်တို့ ပြန်ချိန်ဆိုရင် လက်ဆောင်တွေ ထည့်ပေးကြနဲ့ အသီးအနှံတွေ နေ့တိုင်းပဲ ကျနော်တို့ ရတယ်။ ကျနော်တို့ သရုပ်ဆောင်မှုတွေလည်း ကျေနပ်အားရတာတွေ ရှိပါတယ်။ ၂၀၂၀ မှာတော့ ဒီကားနဲ့ တာထွက်ပြီး နောက်ထပ်ကားတွေလည်း လာမှာပါ။ ”လို့ ကောင်းပြည့်က ပြောပါတယ်။

“ပျံကျကူလီ” ရုပ်ရှင်ကားကြီးကိုတော့ ဇန်နဝါရီလ ၁၆ ရက်နေ့က စပြီး မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ခန့်စည်သူ၊ ထွန်းကိုကို၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ထူးခြား၊ ကောင်းပြည့်၊ ရွှေမှုံရတီနဲ့ ရတနာဗိုတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

You may also like these stories:

“ပျံကျကူလီ” ဇာတ်ကား ရိုက်ခဲ့တုန်းက အတွေ့အကြုံတွေအကြောင်း ပြောပြတဲ့ ဒါရိုက်တာ စတီးလ်

မွေးနေ့ အလှူအဖြစ် “ပျံကျကူလီ” ရုပ်ရှင် ရိုက်ခဲ့တဲ့နေရာမှာ စတုဒိသာ ကျွေးခဲ့တဲ့ ထွန်းကိုကို

Did you find apk for android? You can find new Free Android Games and apps.
Loading