Entertainment

ခင်ပွန်းရှိတယ်ဆိုတဲ့ ကောလာဟလကို ပြန်လည်ဖြေရှင်းလိုက်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ Winner ဆုရှင် အက်စတာဒေါ့သ်ချင်းဆုန် ကတော့ မကြာသေးခင်က အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ ခင်ပွန်းရှိတယ်ဆိုတဲ့ ကောလာဟလနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။

“ခင်ပွန်းဆိုပြီး ပုံတွေ တက်လာတာ ဘယ်လိုပြောရမလဲ။ သူတို့ပြောတဲ့ ခင်ပွန်းဆိုတာက ညီမရဲ့အဖေပါ။ ညီမရဲ့ အဖေအတွက် လည်း စိတ်မကောင်းဘူး။ နောက်US မှာရိုက်တဲ့ ပုံတပုံတက်လာတယ် အဲ့ဒါကလည်း ညီမရဲ့ဦးလေး။ သူတို့ မှားတဲ့ သူတွေက အဖေတွေ ဦးလေးတွေ ဖြစ်နေတယ်။ အဲ့တော့ တော်တော်တော့စိတ်မကောင်းဘူး။ အဖေဆိုလည်း ညီမနဲ့ ပုံတောင်တွဲမရိုက်တော့ဘူး။ သူ့ကြောင့် သူ့သမီးလေးပြောခံရမှာဆိုးလို့။ နောက်မဖြစ်အောင်ဘဲ ညီမဘက်ကတော့ ဆင်ခြင်နေထိုင်ရမှာပါ”

“ကောလာဟလတွေလည်း လိုက်ဖြေရှင်းနေတာထက် ကဲ့ရဲ့၇ရက် ၊ ချီးမွမ်း ၇ရက် ဆိုတဲ့အတိုင်းပဲ နေတာ ကောင်းပါတယ်။ ဝေဖန်မှုတွေကိုလည်း အများကြီး တုံ့ပြန်စရာမရှိပါဘူး။ အနပညာလောကထဲကို ဝုန်းကနဲ ဝင်လာတာမို့ အခက်အခဲ အများကြီးရှိတယ်။ တိုင်းရင်းသားဆိုတော့ ပိုဆိုးတယ်။ အပြောအဆိုမတတ်တော့ တချို့ပြောတဲ့ စကားက လူအမြင် ကပ်စရာ ဖြစ်လာတယ်။ သူတို့ ဝေဖန်မှလည်း ကိုယ်တွေက ပြင်ဆင်ရမှာမို့ ဝေဖန်သူတွေကိုလည်း ဘာမှမပြောချင်ပါဘူး ” လို့အက်စတာ ကပြောပါတယ်။

မကြာခင်မှာလည်း တက္ကသိုလ်ကနေ ဘွဲ့ရရှိတော့မှာဖြစ်ပြီး ဘွဲ့နှင်းသဘင်ကို မိသားစု စုံစုံလင်လင်နဲ့ တက်ပြီး ဘွဲ့ယူချင်ပေမယ့် မိခင်ကျန်းမာရေး မကောင်းတာကြောင့် မိခင်မပါလို့ စိတ်မကောင်းဘူး လို့ အက်စတာဒေါ့သ်ချင်းဆုန် ကဆိုပါတယ်။

“ဘွဲ့ယူရတော့မယ်ဆိုတော့ အတိုင်းမသိရင်ခုန်တယ်။ ဘွဲ့အတွက်အများကြီး မပြင်ဆင်လိုက်ရဘူး။ ဘယ်အပေါက်ကဝင်ပြီး ဘယ်ပေါက်ကထွက်ရမှန်း မသိဘူး။ ကျောင်းက သူငယ်ချင်းတွေက အများကြီးကူညီပေးတယ်။ ဘဝမှာ တသက်မှာ တခါပဲယူရတာဆိုတော့ ခမ်းခမ်းနားနားတော့ ယူချင်တာ။ မေမေကတော့ မလာနိုင်ဘူး။ ဖေဖေကတော့ ရောက်ပြီ။ ခရီးသွားရတာလည်း အခက်အခဲတွေရှိတော့ အမေကမလာနိုင်ဘူး။ မိသားစုစုံစုံလင်လင်နဲ့ ဘွဲ့ယူချင်တာပေါ့။ မေမေမပါတော့ ဝမ်းတော့ နည်းတာပေါ့”

“အမေကိုမြင်စေချင်တာ။ သူတို့မလာနိုင်တော့ ဘာမှလုပ်လို့မှမရတာ ကိုယ်ကြိုးစားရုံပဲရှိတာပေါ့။ ညီမ Economic Major နဲ့ ဂျပန်မှာ ဆက်တက်ဖို့တော့လုပ်ထားတာ ပထမအိုင်ဒေါမပြိုင်ခဲ့ရင် တက်မယ်ပေါ့။ ပြိုင်ပြီးတော့ အခု အိုင်ဒေါကနေ Winner ဆုရတော့ ပွဲကလည်း ဆက်တိုက် ရှိနေတော့ ဂျပန်မှာ ကျောင်းဆက်တက်ချင်ပေမယ့် အခြေအနေနဲ့ အချိန်ခါပေါ်ပဲ မူတည်ပြီးတော့ လုပ်သွားပါမယ်”လို့အက်စတာကပြောပါတယ်။

အက်စတာဒေါ့သ်ချင်းဆုန် ကတော့ Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲကြီးမှာ Vote No.07778 နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အဆိုတော် တယောက်ပါ။ အခုဆိုရင်တော့ Myanmar Idol ရဲ့ ပထမဆုံး အမျိုးသမီး Winner ဆုရှင် ဖြစ်လာခဲ့ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။

 

Loading