ကမ္ဘာကျော် “Fast and Furious” ရုပ်ရှင်တွေမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ကွယ်လွန်သူ မင်းသား Paul Walker ပိုင်ဆိုင်တဲ့ ကား ၂၁ စီးကို အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည်ကား လေလံပွဲတပွဲမှာ ဒေါ်လာ ၂ ဒဿမ ၃၃ သန်းနဲ့ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။
မင်းသား Walker ကိုယ်တိုင် စုဆောင်း တပ်ဆင်ထားတဲ့ အဲ့ဒီကားတွေဟာ Scottsdale မြို့မှာ သီတင်းတပတ်ကြာ ကျင်းပခဲ့တဲ့ Barrett-Jackson လေလံပွဲမှာ တော်တော်လေး ရလဒ် ကောင်းခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့၊ နောက်ဆုံးနေ့ ရောင်းချမှုမှာဆိုရင် Alpine White 1995 BMW M3 Lightweight မော်တော်ကားဟာ ဒေါ်လာ ၃ သိန်း ၈ သောင်းကျော်နဲ့ ရောင်းချနိုင်ခဲ့တာကို တွေ့ရပါတယ်။
ကားတွေ စုဆောင်းရတာကို ဝါသနာပါတဲ့ မင်းသား Walker ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလတုန်းက လော့စ်အင်ဂျလိစ်မြို့၊ အနောက်မြောက်ပိုင်းက Santa Clarita မြို့မှာရှိတဲ့ သစ်ပင်တွေနဲ့ ဓာတ်တိုင်တ တိုင်ကို ခရီးသည်ထိုင်ခုံနေရာကနေ သူစီးလာခဲ့တဲ့ 2005 Porsche Carrera GT ကားက ဝင်တိုက်ခဲ့ပြီးတဲ့နောက် ယာဉ်မောင်းသူ Roger Rodas ရော၊ သူပါ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ယာဉ်မတော်တဆမှု ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ အရှိန်လွန်မောင်းနှင်မှုကြောင့်လို့ သိရပါတယ်။
မီချီဂန်အခြေစိုက် ဂန္တဝင်ကား အာမခံကုမ္ပဏီ Hagerty ရဲ့ ပြောခွင့်ရသူ Jonathan Klinger က “လူတွေဟာ သူ့ရဲ့ ကားအတွက် ပရီမီယံကြေးကိုတောင် ပေးခဲ့ကြပါပြီ။ အဲ့ဒီဈေးနှုန်းတွေအရဆိုရင် ကွယ်လွန်သူ မင်းသားဟာ နာမည်ကျော် ကားစုဆောင်းသူ Paul Newman လိုမျိုး လူဖြစ်လာမယ်လို့ ယူဆရပါတယ်”လို့ ဆိုပါတယ်။
သူ့ရဲ့အဆိုအရ နာမည်ကျော်တွေရဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ပြန်ရောင်းချမယ်ဆိုရင် သိပ်ဈေးကြီးကြီးနဲ့ မရနိုင်ပေမယ့် မင်းသားရဲ့ နာမည်ကျော်ကြားမှု အရှိန်အဟုန်နဲ့ ကားတွေပေါ် စွဲလမ်း မြတ်နိုးမှုကြောင့် တချို့သော ကားစုဆောင်းတွေရဲ့ သဘောကျနှစ်ခြိုက်မှုကို ရရှိထားတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ် ၅ နှစ် ကာလလုံး မင်းသား Walker ကိုယ်တိုင် စီးနင်းခဲ့တဲ့ ကား ၁၈ စီးနဲ့ မော်တော်ဆိုင်ကယ် ၃ စီးကိုလည်း လေလံပစ်ရောင်းချနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ အဲ့ဒီလေလံပွဲကို လာရောက်ကြတဲ့ ပရိသတ်တွေထဲ အကြိုက်တွေ့ခဲ့ကြတဲ့ မော်တော်ကားကတော့ “Fast Five” ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့ဖူးတဲ့ 2009 Nissan 370Z အမျိုးအစား ကားဖြစ်ပါတယ်။
အဲ့ဒီကားကိုလည်း 370Z ကားအမျိုးအစား အတွက် အမြင့်ဆုံးဈေးနှုန်းဖြစ်တဲ့ ဒေါ်လာ ၁ သိန်းကျော်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကတည်းက ရောင်းချခဲ့ရပြီးလည်း ဖြစ်ပါတယ်။
ကားဝါသနာအိုး တယောက်က မင်းသား Walker ကို လက်ဆောင်အဖြစ် ပေးခဲ့ပေမယ့် ဘယ်တုန်းကမှ မပြိုင်လိုက်ရတဲ့ 2013 Ford Boss 302S ပြိုင်ကားကိုလည်း ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ဒေါ်လာ ၉ သောင်းခွဲကျော်နဲ့ ရောင်းချလိုက်ရတယ်လို့လည်း သိရပါတယ်။ အဲ့ဒီကားတွေ ရောင်းချရမှုကနေ ရရှိလာတဲ့ ငွေတွေကို မင်းသားရဲ့ သမီးဖြစ်သူထံ ပေးအပ်မှာဖြစ်ပြီး မင်းသားရဲ့ ဖောင်ဒေးရှင်းထဲကို တဆင့် ထပ်မံ ရောက်ရှိမှာလည်း ဖြစ်ပါတယ်။
Ref:Reuters
You may also like these stories:
“Fast & Furious 9” ရုပ်ရှင်မှာ ပြန်လည် ပါဝင်လာနိုင်ခြေ ရှိတဲ့ မင်းသား Paul Walker
ကွယ်လွန်သူ မင်းသား Paul Walker မွေးနေ့မှာ ဂုဏ်ပြု အမှတ်တရစကား ဆိုခဲ့ကြသူများ