စိုင်းစိုင်းနဲ့အတူ ရိုက်ထားတဲ့ “ပိတောက်ကတဲ့ ဂီတ” ဇာတ်ကားအတွက် ရင်ခုန်နေတဲ့ ပိုးမမှီသာ
“ပိတောက်ကတဲ့ ဂီတ” ဇာတ်ကား မကြာခင်မှာ ရုံတင်တော့မှာမို့ ရင်ခုန်နေတယ်ဆိုတဲ့ သရုပ်ဆောင် ပိုးမမှီသာက ဒီဇာတ်ကားက စိန်ခေါ်မှု အများကြီး ရှိသလို ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရတယ်လို့ ဆိုပါတယ်။
“မကြာခင်မှာ ရုံတင်တော့မယ့် “ပိတောက်ကတဲ့ ဂီတ” ဇာတ်ကားအတွက်လည်း အရမ်း ရင်ခုန်နေပါတယ်။ ဒီကားက စိန်ခေါ်မှု အများကြီး ရှိတယ်။ ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ပထမဆုံးရိုက်မယ့် ရုပ်ရှင်ကားကြီးမှာ ကိုယ်က ခေါင်းဆောင်မင်းသမီး တယောက်အနေနဲ့ ပါဝင်ခွင့်ရတယ်။ ဇာတ်လမ်းကလည်း အချစ်ဇာတ်လမ်းလေး ဖြစ်နေတဲ့အခါ ကိုယ်ကြိုက်တဲ့ ပုံစံမျိုးလေးဖြစ်လို့ ရိုက်ဖြစ်သွားတာပါ”

“ကိုစိုင်းနဲ့ မပိုင်ဖြိုးသုက အိုက်တင်တွေ သင်ပေးပါတယ်။ ကိုစိုင်းက ဒီကားကို ထုတ်လုပ်သူရော၊ မင်းသားရော ဖြစ်တာကြောင့် အများကြီး လေ့လာခွင့်ရခဲ့ပါတယ်။ အနုပညာစလုပ်ကတည်းက ကိုစိုင်းနဲ့ပဲ တွဲရိုက်ခဲ့တယ်ဆိုတာ သူနဲ့ ရေစက် ပါလို့ပေါ့နော်။ ကိုစိုင်းကြောင့် အခွင့်အလှမ်းတွေ အများကြီးရခဲ့လို့ ကျေးဇူးလည်းတင်ပါတယ်။ ကိုစိုင်းမှ မဟုတ်ဘူး၊ ဘယ်သူပဲ ကမ်းလှမ်း ကမ်းလှမ်း အကောင်းဆုံး ကြိုးစားသွားမှာပါ”လို့ ပိုးမမှီသာက ပြောပါတယ်။
ရုပ်ရှင် မရိုက်ဘူးလို့ ပြောခဲ့ပေမယ့် ပိုးမမှီသာက အနုပညာလုပ်ရင်းနဲ့ အသစ်တွေ လုပ်ချင်စိတ် ပြင်းထန်နေတာကြောင့် လုပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“ရုပ်ရှင် မရိုက်ဘူးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ အနုပညာကို လုပ်ရင်းနဲ့ အသစ်တွေ လုပ်ချင်လာတဲ့ စိတ်က ဖြစ်မိတယ်။ ရုပ်ရှင်ကားကြီး မရိုက်ဘူးဆိုပေမယ့် ဇာတ်လမ်းလေးရယ်၊ ကိုယ်နဲ့တူတူ ပါဝင်သရုပ်ဆောင်ရမယ့် သူတွေရယ်၊ ရိုက်ရမယ့် ပုံစံလေးကို ကြည့်လိုက်တဲ့အခါ ကျမအနေနဲ့ ဒီလို အခွင့်အရေး နောက်တခေါက်မရနိုင်ဘူး။ ရတုန်းမှာ ကြိုးစာကြည့်ချင်တယ်ဆိုတဲ့ စိတ်က အရမ်းပြင်းထန်နေတဲ့အတွက် မိသားစုနဲ့ရော ကျောင်းနဲ့ရော အများကြီး တိုင်ပင် ညှိနှိုင်းပြီးရိုက်ခဲ့ရတယ်
“ကိုယ်မြတ်နိုးတဲ့ ဆရာဝန်အလုပ်ကိုလည်း လုပ်ချင်တယ်၊ အနုပညာအလုပ်ကိုလည်း ကြိုက်နှစ်သက်တယ်ဆိုတော့ ရသလောက်အချိန်အတွင်းမှာ လုပ်နိုင်သလောက်လေး လုပ်ချင်ပါသေးတယ်။ ပရိသတ်တွေ အများကြီး ချစ်ပေးကြလို့ ဝမ်းသာမိတယ်။ ပီတိလည်း ဖြစ်မိပါတယ်”လို့ ပိုးမမှီသာက ဆိုပါတယ်။
ဆက်လက်ပြီး ပိုးမမှီသာက ဆရာဝန် အလုပ်ကော၊ အနုပညာအလုပ်ကိုပါ နှစ်ခုစလုံးကို အကောင်းဆုံး လုပ်ကိုင်သွားမယ်လို့ ပြောပါတယ်။
“တချို့တွေ ကျတော့လည်း အနုပညာအလုပ်တွေ ဆက်လုပ်စေချင်တယ်။ တချို့တွေကျတော့ ဆရာဝန်အလုပ် လုပ်စေချင်တယ်။ အနုပညာအလုပ်ကိုတော့ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် လုပ်သွားဖို့တော့ ရှိပါတယ်။ နှစ်ခုစလုံးကိုတော့ ရရင်ရသလို အကောင်းဆုံး လုပ်သွားချင်ပါတယ်”လို့ ပိုးမမှီသာက ပြောပါတယ်။
ဆရာဝန်၊ သရုပ်ဆောင် ပိုးမမှီသာကို SAI Cosmetic ကြော်ငြာကနေ ပရိသတ်တွေ စတင်သိခဲ့တာဖြစ်ပြီး အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ “သိင်္ဂါရ သီချင်းတစ်ပုဒ်” ဆိုတဲ့ Music Video ကနေတဆင့် ပရိသတ်အားပေးမှု ပိုရရှိခဲ့သူပါ။
“ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ မီးပွားက ရိုက်ကူး ပုံဖော်ထားတာဖြစ်ပြီး အဓိက သရုပ်ဆောင်တွေ အနေနဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ကျော်သူနဲ့ ပိုးမမှီသာတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ပိုးမမှီသာနဲ့ စိုင်းစိုင်း အတူတွဲပြီး ပထမဆုံးအကြိမ် ရိုက်ကူးတဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။
You may also like these stories:
“ပျံကျကူလီ” ရုပ်ရှင်ရိုက်ရင်း ကုန်ထမ်းသမားတွေ ဘဝကို စာနာမိတယ်လို့ ဆိုလာတဲ့ ကောင်းပြည့်
“ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်မယ့်အကြောင်း ပြောပြတဲ့ အေးမြဖြူ
“ကမ္မဖလ” ရိုက်ကွင်းပုံတွေ ဝေဖန်ခံခဲ့ရပေမယ့် အကုန်လုံး ကြိုးစားထားတယ်လို့ စိုးပြည့်သဇင် ပြော