သံသာညီနဲ့ ဖူးဝေ ဇာတ်ကောင်ကို တွဲပြီး သိစေချင်တဲ့ သရုပ်ဆောင် သံသာညီ
“နွေလယ်ညရဲ့ လမင်း” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေ အားပေးမှုရရှိခဲ့တဲ့ သရုပ်ဆောင် သံသာညီက သံသာညီမှန်း မသိကြဘဲ ဖူးဝေ ဇာတ်ကောင်ကိုသာ သိနေကြတာကြောင့် သံသာညီနဲ့ ဖူးဝေကို တွဲပြီး သိစေချင်တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“နွေလယ်ညရဲ့ လမင်း” ဇာတ်လမ်းတွဲနဲ့ပရိသတ်တွေ အားပေးကြလို့ အရမ်းဝမ်းသာရတယ်။ ဖူးဝေဆိုပြီး သိကြလို့လည်း ဝမ်းသာရတယ်။ အသစ်တယောက်အနေနဲ့ ပထမဆုံး သရုပ်ဆောင်ရတော့ အခက်အခဲကတော့ အများကြီးပဲပေါ့။ ရိုက်နေချိန်တုန်းကတော့ ပရိသတ်အားပေးမယ် မထင်ထားဘူး။ အကောင်းဆုံး ကြိုးစားလိုက်မယ်ဆိုတဲ့ စိတ်ပဲ ရှိတာပေါ့။ တကယ်တမ်းလွှင့်တော့ ချစ်ပေးကြတယ်။ အားပေးကြတော့ အရမ်းဝမ်းသာရပါတယ်”
“ပထမဆုံး သရုပ်ဆောင်ရတာဆိုတော့ ကိုယ့်ကြောင့် သူများ အနှောင့်အယှက်ဖြစ်သွားမှာ ကြောက်တယ်။ လုပ်နိုင်ပါ့မလား စိုးရိမ်မိတယ်။ အကုန်လုံးကလည်း လက်တွဲခေါ်ပေးလို့ အဆင်ပြေခဲ့ပါတယ်။ ကိုယ်က အငယ်ဆုံးဖြစ်နေတော့ လူကြီးတွေကို ပြန်ပြောရတာတွေဆို အားနာတယ်။ နာမည်လေးပျောက်ပြီး ဖူးဝေပဲ ခေါ်ကြတယ်။ တချို့က သံသာညီမှန်း မသိဘူး။ ဖူးဝေပဲသိတယ်။ သံသာညီနဲ့ ဖူးဝေကို တွဲသိစေချင်တယ်” လို့ သံသာညီက ပြောပါတယ်။
သရုပ်ဆောင် သံသာညီက နောက်ထပ် ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ ရှိပြီး ကာရိုက်တာတိုင်းကို အကောင်းဆုံး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
“အနုပညာနဲ့ ပတ်သက်ပြီး ပွဲလေးတွေ တက်ဖြစ်နေတယ်။ ၂ လပိုင်းမှာလည်း ဇာတ်လမ်းတွဲ တခု ရိုက်ဖို့ ရှိပါတယ်။ အဲ့ကားမှာတော့ ဖူးဝေ ကာရိုက်တာနဲ့ ဆန့်ကျင်ဘက်ပေါ့။ ဖူးဝေထက်တော့ ပိုပြီး စိန်ခေါ်မှု ရှိတယ်လို့တော့ ထင်တယ်။ အဲ့ ကာရိုက်တာအတွက် အကသင်တန်းတွေ တက်ဖို့ ရှိတယ်။ ကာရိုက်တာ မျိုးစုံအောင်လုပ်ရမှာမို့ အကောင်းဆုံး ကြိုးစားသွားမှာပါ”
“ပရိသတ်တွေလည်း ဆက်လက် အားပေးစေချင်တယ်။ အားပေးဖို့လည်း ပြောချင်တယ်။ ဖူးဝေ ကာရိုက်တာရိုက်ပြီးနောက်ပိုင်း မြန်မာဝတ်စုံတွေ ပိုဝတ်ဖြစ်တယ်၊ မြန်မာဝတ်စုံ ပိုကြိုက်လာတယ်။ မြန်မာဝတ်စုံ ဝတ်ရင် ယုံကြည်မှု ရှိတယ်လို့လည်း ခံစားရတယ်”လို့ သံသာညီက ပြောပါတယ်။
သရုပ်ဆောင် သံသာညီကတော့ MRTV – 4 က ထုတ်လွှင့်ပြသတဲ့ “နွေလယ်ညရဲ့ လမင်း” ရုပ်သံဇာတ် လမ်းတွဲကနေ တဆင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိခဲ့သူ ဖြစ်ပါတယ်။
You may also like these stories:
အနုပညာကြေးတွေ စုပြီး ရန်ကုန်မှာ အိမ်ဝယ်ဖို့ ကြိုးစားနေတဲ့ ဖြူဖြူထွေး
စိုင်းစိုင်းနဲ့အတူ ရိုက်ထားတဲ့ “ပိတောက်ကတဲ့ ဂီတ” ဇာတ်ကားအတွက် ရင်ခုန်နေတဲ့ ပိုးမမှီသာ
ဆေးကုသမှုခံယူနေရတဲ့ ဗေလုဝ ပြန်လည်ကျန်းမာစေဖို့ ဆုတောင်းပေးတဲ့ နေတိုး