လူငယ်ကြိုက် ဇာတ်လမ်း တပုဒ်ဖြစ်တဲ့ “မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နာမည်ကတော့ အများထင်နေတဲ့ စကားပုံတခုရဲ့ အဓိပ္ပာယ် မဟုတ်တဲ့အကြောင်း အဆိုပါ ဇာတ်လမ်း ရေးသားသူ မိုးနီလွင်က ပြောပါတယ်။
“ဒီနာမည်ကို ပေးရတာက တကယ်ကို လေးနက်တဲ့ အဓိပ္ပာယ်နဲ့ ပေးတာပါ။ မြက်ပင်လေးတွေဟာ နုငယ်တဲ့အချိန်မှာ ပြုစုယုယလို့ ရတယ်။ တကယ်လို့ ပြုစု၊ မယုယဘဲ ပစ်ထားမယ်ဆိုရင် တောထသွားပြီး အရိုင်းတွေ ဖြစ်သွားမယ်။ လူတွေ အတွက် အသုံးမဝင်ဘူးပေါ့”
“တကယ်တမ်း အပင်ပေါက်လေးကို ပြုစုယုယမယ်ဆိုရင် ကမ္ဘာမြေအတွက် စိမ်းလမ်းစိုပြေတဲ့ ကိုယ့်ခြံထဲမှာတောင် အလှစိုက်ပျိုးနိုင်တဲ့ မြက်ခင်းလေး ဖြစ်သွားမယ်။ အဲဒီ အဓိပ္ပာယ်နဲ့ပေးခဲ့တာပါ။ ဟိုအဓိပ္ပါယ်ကို ယူချင်လည်း ရတယ်။ ဇာတ်ကားကိုကြည့်ပြီးရင်တော့ ပရိသတ်က ရင်ထဲမှာစွဲပြီး ကျန်ခဲ့မယ်လို့ထင်ပါတယ်”လို့ မိုးနီလွင်က ပြောပါတယ်။
အဆိုပါ “မြက်နု” ဆိုတဲ့နာမည်ကိုတော့ နေတိုးရဲ့ပရိသတ်များက မကြိုက်ကြဘူးလို့လည်း သိရပါတယ်။
“ဒီဇာတ်လမ်းလေးကို စရိုက်တော့ အွန်လိုင်းမှာ တင်တဲ့အချိန် မြက်နုဆိုတဲ့ စကားလုံးကို မကြိုက်ကြဘူး။ အဓိကအားဖြင့် ကိုနေတိုးရဲ့ပရိသတ်တွေပေါ့။ ဒီစကားပုံကြီးကို ကြားဖူးထားတော့ အဲ့လိုမျိုးကြီး ဖြစ်သွားမယ်ပေါ့။ အမှန်တော့ အဲ့လိုအပြောခံရတဲ့ဟာက ကားထဲမှာ ပါပါတယ်” လို့ မိုးနီလွင်က ပြောပါတယ်။
ဒီကားထဲမှာတော့ နေတိုးကို အသက်ကြီးကြီး ပညာတတ် လူတယောက်အနေနဲ့ တွေ့ရမှာဖြစ်ပြီး ဝတ်မှုံရွှေရည်ကတော့ မိဘမေတ္တာ ငတ်ကာ ဆိုးနေတဲ့ ကောင်မလေးတယောက်အနေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။
“ဒီကားလေးကို ရိုက်မယ်ဆိုတော့ နှစ်ယောက်စလုံးကလည်း စိတ်ဝင်စားတယ်။ ကာရိုက်တာလေးကလည်းထူးခြားတယ်။ မလုပ်ကြရသေးတဲ့ ကာရိုက်တာလေး အဲ့လိုဆိုတော့ ကျနော်တို့ Pre-Production လေး ထိုင်တယ်။ ဝိုင်းအကြံပေးကြတယ်”
“ဒီကားမှာက ဇာတ်လမ်းကို အဓိက မဟုတ်ဘဲ ဇာတ်ကောင်ကို အဓိကထားတာဆိုတော့ ဇာတ်လမ်းအနေနဲ့ကတော့ ဆင်တူရိုးမှားလေးတွေလည်း အများကြီး ရှိတယ်။ ဇာတ်ကောင်နဲ့ လိုက်ဖက်မယ့် အဝတ်အစား ဒီဇိုင်း ပတ်ဝန်းကျင်က ဒီဇိုင်းလေးတွေလည်း ပံ့ပိုးပေးပါလို့ ပြောရတာပေါ့”လို့ မိုးနီလွင်က ပြောပါတယ်။
ယခင်က ရိုက်ကူးဖူးတဲ့ “ပီကေ” ဆိုတဲ့ ဗီဒီယို ဇာတ်ကားနဲ့လည်း ဆင်တူရိုးမှား ဖြစ်နေတယ်လို့ ပြောကြတဲ့အပေါ်မှာလည်း မိုးနီလွင်က အခုလို ရှင်းပြခဲ့ပါတယ်။
“ပီကေကိုလည်း ကျနော် ကြည့်ဖူးတယ်။ မကစ်က ငယ်တယ်၊ ဆိုးတာ မှန်ပေမယ့် နောက်ခံအကြောင်းအရာတွေက လုံးဝ မတူဘူးပေါ့။ မြက်နုထဲမှာကျတော့ မကစ်က မိသားစု ပြဿနာရှိပြီး မေတ္တာငတ်နေတဲ့ မိန်းကလေးတယောက် မဆိုးချင်ဘဲနဲ့ ဆိုးနေတာ။ မိဘတွေကို အရွဲ့တိုက်တဲ့သဘော ဆိုးနေတာ”
“ပီကေမှာကျတော့ အားကိုးစရာ မရှိလို့ အပြင်က လူကြီးတယောက်ကို အားကိုးလိုက်တာ။ မြက်နုကတော့ တကယ့်ကို နူးညံ့သိမ်မွေ့တဲ့ ကားလေးပေါ့။ ပီကေနဲ့တော့ မတူပါဘူး။ ပီကေကတော့ နည်းနည်းကြမ်းတာပေါ့။ အန်ကယ်လေး (လူမင်း) ရိုက်ထားတာဆိုတော့ အနောက်တိုင်း နည်းနည်း ဆန်တာပေါ့” လို့ မိုးနီလွင်က ပြောပါတယ်။
“မြက်နု” ရုပ်ရှင်ဇာတ်ကားကိုတော့ မိုးနီလွင် ဇာတ်လမ်း၊ ဇာတ်ညွှန်း ရေးသားပြီး၊ ဒါရိုက်တာ ပွင့်သိင်္ဂီဇော် ရိုက်ကူးကာ နေတိုး၊ ဝတ်မှုံရွှေရည်၊ မုဏ်း၊ နေဆန်း၊ ခင်ဇာခြည်ကျော်၊ ဇင်မျိုး၊ ရွှေရင်အေးနဲ့ သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပြီး ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
You may also like these stories:
Ironheart ဇာတ်ကောင်အတွက် သရုပ်ဆောင် ရှာဖွေနေတဲ့ Marvel
ဘယ်ကာရိုက်တာမဆို အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်တဲ့သူ ဖြစ်ချင်တဲ့ ဝတ်မှုံရွှေရည်
မကြာခင် ရုံတင်မယ့် ရုပ်ရှင်မှာ သမ္မတကို လုပ်ကြံသူအဖြစ် မြင်တွေ့ရမယ့် မင်းသား လီဗြောင်ဟွန်း