“Baywatch” ရုပ်ရှင် မင်းသမီးဟောင်း Pamela Anderson ဟာ ဟောလိဝုဒ် ထုတ်လုပ်သူ Jon Peters နဲ့ ၅ ကြိမ်မြောက် အိမ်ထောင်အဖြစ် လက်ထပ်ခဲ့တယ်လို့ သိရပါတယ်။ မင်းသမီးနဲ့ တက်ကြွလှုပ်ရှားသူ Pamela ဟာ Batman ရုပ်ရှင်ထုတ်လုပ်သူ Peters နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ လက်ထပ်ခဲ့တာဖြစ်ပြီး သူတို့နှစ်ဦး တွဲနေခဲ့တာလည်း ဆယ်စုနှစ် ၃ စု ကျော်ခဲ့ပြီ ဖြစ်ပါတယ်။
သူတို့ စုံတွဲနှစ်ဦးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တခုက “သူတို့နှစ်ယောက်ဟာ Malibu မြို့မှာ သီးသန့်အခမ်းအနားတခုနဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တယောက်ကို တယောက် အရမ်းချစ်ကြပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
လက်ထပ်ပွဲပြီးတဲ့နောက် ကဗျာပုံစံ ရေးသားထားတဲ့ အချစ် သဝဏ်လွှာကို ထုတ်ပြန်ခဲ့ရာမှာတော့ မင်းသမီး Pamela က သူ့ရဲ့ ခင်ပွန်းကို ဟောလိဝုဒ်ရဲ့ ကောင်ဆိုးလေး ဆိုပြီး ဖော်ပြထားပါတယ်။ မင်းသမီးက “မိသားစုလိုမျိုး ကျမ သူ့ကိုချစ်တာ ဘယ်သူမှ ယှဉ်လို့ မရဘူး”လို့ ရေးသားခဲ့ပါတယ်။
ကနေဒါနိုင်ငံဖွား အသက် ၅၂ နှစ်အရွယ် မင်းသမီးဟာ အရင်တုန်းက ရော့ခ်အဆိုတော်တွေဖြစ်တဲ့ Tommy Lee ၊ Kid Rock တို့နဲ့လည်း လက်ထပ်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ပရော်ဖက်ရှင်နယ် ပိုကာကစားသမား Rick Salomon နဲ့လည်း နှစ်ကြိမ် လက်ထပ်ခဲ့ပါတယ်။ ဒ့ါအပြင် သူနေထိုင်ခဲ့တဲ့ ပြင်သစ်နိုင်ငံက ဘောလုံးသမား Adil Rami နဲ့လည်း တွဲခဲ့ဖူးပါတယ်။
အသက် ၇၄ နှစ်အရွယ် ဆံပင်စတိုင်ပညာရှင်ဟောင်း Peters ဟာ ၁၉၇၆ ခုနှစ်မှာ “A Star Is Born” ရုပ်ရှင်ကို ထုတ်လုပ်ခဲ့ပြီးတဲ့နောက် မင်းသမီးကြီး Barbra Streisand နဲ့လည်း တွဲခဲ့ဖူးပါတယ်။ သူဟာ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ထွက်ရှိခဲ့တဲ့ Batman ရုပ်ရှင်တွေကို ကြီးကြပ်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Superman Returns ရုပ်ရှင်ကိုထုတ်လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။
Peters ဟာ မင်းသမီး Pamela နဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေ တုန်းက Playboy Mansion ဒေသမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး မကြာခင်မှာပဲ ချစ်ခွင့်ပန်ခဲ့တာ ဖြစ်ပါတယ်။ အခုလက်ထပ်ပွဲဟာလည်း Peters အတွက် ၅ ကြိမ်မြောက် အိမ်ထောင်လည်း ဖြစ်ပါတယ်။
Ref: asiaone
You may also like these stories:
ဦးနှောက်ကင်ဆာ ဖြစ်နေတဲ့အချိန်အတွင်း သစ်ပင်ပေါင်း ၃၀,၀၀၀ ကျော် စိုက်ခဲ့တဲ့ အမျိုးသမီး
အကြိမ် ၂၀၀ ကျော် အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရတယ်လို့ ဂျက်ကီချန်း ပြော
ဟာဝိုင်အီမှာ လက်ထပ်ပွဲ ကျင်းပခဲ့တဲ့ ဂျပန်အပြာမင်းသမီးဟောင်း Sola Aoi