Entertainment

သားဖြစ်သူ ဘုန်းမင်းနေလကို ပညာစုံအောင် သင်ခိုင်းထားတဲ့ ခင်ဇာခြည်ကျော်

သရုပ်ဆောင် ခင်ဇာခြည်ကျော်က သားဖြစ်သူ ဘုန်းမင်းနေလနဲ့ ပတ်သက်ပြီး အနုပညာလုပ်တော့မယ်ဆို ပညာစုံအောင် အရင်လုပ်ခိုင်းထားတယ်လို့ ဆိုပါတယ်။

“သားသားကို အနုပညာ လုပ်တာ့မယ်ဆိုရင် ပညာစုံအောင်တော့ တက်ခိုင်းတယ်။ ခန္ဓာကိုယ်ကအစ ကြံ့ခိုင်မှုရှိအောင် လုပ်ပြီး လူကြီးပုံ ပေါက်တော့မှ အနုပညာထဲဝင်တာ ကောင်းတာပေါ့။ အခု အသက်က ၁၈ နှစ်၊ ကလေးပုံစံကလည်း ဖြစ်၊ ကျောင်းကလည်း တဖက်နဲ့ ဆိုတော့ ဆယ်ကျော်သက် ကျောင်းသားကားပဲ ရိုက်လို့ ရမှာပေါ့”လို့ ခင်ဇာခြည်ကျော်က ပြောပါတယ်။

“သူကတော့ ၁၈ နှစ်ပြည့်သွားပြီ၊ လူကြီးဖြစ်သွားပြီဆိုတဲ့ အကြောင်းနဲ့ပဲ ကိုင်ပေါက်နေတာ။ သား ရင့်ကျက်ပါပြီပေါ့။ ကိုယ်ကလည်း ရှေ့လျှောက် ရင့်ကျက်တယ်၊ မရင့်ကျက်ဘူးဆိုတာကို စောင့်ကြည့်မယ်ပေါ့”လို့ ခင်ဇာခြည်ကျော်က ဆိုပါတယ်။

ဆက်လက်ပြီး ခင်ဇာခြည်ကျော်က သားဖြစ်သူ ဘုန်းမင်းနေလဟာ ဟော့ဟော့ရမ်းရမ်းဆိုးတာ မဟုတ်ဘဲ အေးအေးလေးနဲ့ ဆိုးတဲ့ သားတယောက်လို့ ဆိုပါတယ်။

“သူက လိမ်လည်း လိမ္မာတယ်။ တခါတလေလည်း ဆိုးချင်တယ်။ သူများတွေလိုလည်း တောက်လျှောက် ဆိုးနေတာလည်း မဟုတ်ဘူး။ ဟော့ဟော့ရမ်းရမ်း ဆိုးတာလည်း မဟုတ်ဘူး၊ အေးအေးလေးနဲ့ ဆိုးတာ။ အဲဒါကလွဲလို့ ကျန်တာ အကုန်ကောင်းပါတယ်”လို့ ခင်ဇာခြည်ကျော်က ပြောပါတယ်။

သားဖြစ်သူ ဘုန်းမင်းနေလကတော့ အသက် ၁၈ နှစ် ပြည့်ပြီးသွားတဲ့အတွက် တာဝန်တွေ ပိုများလာပြီး ဘယ်ကိစ္စမဆို မိခင်ဖြစ်သူကို တိုင်ပင်တယ်လို့ ဆိုပါတယ်။

“၁၈ နှစ်ပြည့်သွားပြီဆိုတော့ ကျနော့်အတွက် တာဝန်တွေ ပိုများလာတယ်။ ရင့်ကျက်ဖို့လည်း လိုလာတယ်။ သရုပ်ဆောင်ဖို့လည်း ကာရိုက်တာက နည်းနည်းကျဉ်းတာပေါ့။ ကျနော် အမေ့ကို အကုန်ပြောပြတယ်။ အမေကလည်း ကူပြီး စဉ်းစားပေးတယ်။ ဘာမဆို တယောက်တည်း စဉ်းစားတာ မဟုတ်ဘဲ လူကြီး တယောက်က ကူစဉ်းစားပေးတော့ အထိန်းရှိတာပေါ့။ အခုနောက်ပိုင်း အမေ့စကားလည်း နားထောင်တယ်”လို့ ဘုန်းမင်းနေလက ပြောပါတယ်။

သရုပ်ဆောင် ခင်ဇာခြည်ကျော်ဟာ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ် ထင်သစ္စာတို့ရဲ့ မိခင် ဖြစ်ပါတယ်။ ဘုန်းမင်းနေလကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ရွှေကြို အဖြစ် ပါဝင်ခဲ့ပြီး ဆယ်ကျော်သက် မိန်းကလေးတွေ အားပေးရတဲ့ သရုပ်ဆောင်တဦးအဖြစ် လုပ်ကိုင်နေပါတယ်။

You may also like these stories:

နောက်ဆက်တွဲရုပ်ရှင် ဆက်လက် ရိုက်ကူးဖို့ “World War Z” ထုတ်လုပ်သူ မျှော်လင့်နေ

ဟာဝိုင်အီမှာ လက်ထပ်ပွဲ ကျင်းပခဲ့တဲ့ ဂျပန်အပြာမင်းသမီးဟောင်း Sola Aoi

“မြက်နု” ဇာတ်ကားရဲ့ အဓိပ္ပာယ်ကို ရှင်းပြတဲ့ ဇာတ်ညွှန်း ရေးသားသူ မိုးနီလွင်

Loading