ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဗိုလ်ချုပ်ဈေးမှာ လိမ္မော်သီး ရောင်းချနေတဲ့ အဘရဲ့ ဈေးဗန်းအား စည်ပင် ဝန်ထမ်းများက ဖမ်းဆီး ထုချေခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး လူသားမဆန်တဲ့ အတွက် ရှုတ်ချပါတယ်လို့ သွားရောက် ကူညီခဲ့သူ သရုပ်ဆောင် ရွှေပိုးအိမ်က ဧရာဝတီကို ပြောပါတယ်။
“ဈေးရောင်းနေတဲ့ လူငယ်ပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ်က အဆင်မပြေလို့ ဝမ်းရေးအတွက်ကို ပင်ပင်ပန်းပန်းနဲ့ အခက်အခဲမျိုးစုံ ရှိမှာပဲ။ အရင်းအနှီးလေး မတည်ထားတဲ့ လိမ္မော်သီးလေးတွေကို မျက်စိရှေ့တင် ထုချေပြတယ်ဆိုတာ မကောင်းဘူးပေါ့။ အတင်းတွေ လုပ်တာမျိုးကတော့ အရမ်းကို လူမဆန်ဘူး”
“ဘယ်လောက်ပဲ အာဏာရှိရှိ၊ ဘယ်လောက်ပဲ လုပ်ပိုင်ခွင့်ရှိရှိ လူသားချင်း စာနာတဲ့စိတ်နဲ့ ပြောရမယ်။ နားလည်အောင်ပြောရင် အကုန်လုံးက နားလည်ကြမှာပဲ။ နိုင့်ထက်စီးနင်း လုပ်တာမျိုးက လုံးဝကို လက်မခံဘူး။ ရှုတ်ချပါတယ်။ ဒီအပြုအမူတွေကိုမဖြစ်စေချင်ဘူး။ ရွှေပိုးတို့အနေနဲ့က ဘာပြောလို့ရမှာလဲ ဘာမှလည်းလုပ်ပေးလို့ မရဘူး။ ဒီလို မီဒီယာတွေကနေ မေတ္တာရပ်ခံလို့ ရမယ် ပြောလို့ရမယ်။ ဒါလေးပဲ တတ်နိုင်ပါတယ်”လို့ ရွှေပိုးအိမ်က ပြောပါတယ်။
ဆက်လက်ပြီး “အဓိကက ဈေးမရောင်းရတဲ့နယ်မြေမှာ မရောင်းဘူးဆိုတာကို ခံဝန် ကတိလည်း ထိုးထားပြီးပြီ။ နောက်မလုပ်ဖို့လည်း ပြောပြီးပြီ။ အဘကလည်း လက်ခံတယ်။ အဲဒါကိုမှ အသီးတွေကို ထုချေပြရတဲ့အထိ လုပ်တာဟာ အရမ်းကိုမေတ္တာတရား ခေါင်းပါးတယ်လို့ ခံစားရတယ်။ ရင်ထဲလည်းမကောင်းဘူး။ ဒီလို အာဏာရှိတိုင်း လုပ်တယ်ဆိုတာမျိုးကို လုံးဝ လက်မခံပါဘူး။ ဒီလို အပြုအမူမျိုးကို လုံးဝ ရှုတ်ချပါတယ်”
“သမာအာဇီဝနဲ့ ဈေးရောင်းနေတဲ့ ဈေးသည်တွေ ဈေးရောင်းခွင့်မရှိတဲ့ နေရာမှာ ရောင်းနေတယ်ဆိုရင် ကောင်းကောင်းမွန်မွန် မရောင်းဖို့ကို တကြိမ်ပြောလို့ မရရင်၊ နှစ်ကြိမ် ပြောလို့မရရင် ထပ်ပြောရမယ့် အလုပ်က သူတို့အလုပ်၊ တာဝန်အရ ပြောပေးရမယ်ဆိုလည်း ယဉ်ယဉ်ကျေးကျေးလေးနဲ့ ပြောပေးစေချင်ပါတယ်” လို့ ရွှေပိုးအိမ်က ပြောပါတယ်။
ရွှေပိုးအိမ်ကိုယ်တိုင်လည်း ဇန်နဝါရီလ ၂၁ ရက်နေ့က အဘ ဦးသိန်းထွန်း ဈေးရောင်းရာ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ စုံစမ်းမေးမြန်းကာ ရွှေပိုးအိမ်နဲ့အတူ သူငယ်ချင်းများက အလှူငွေများသွားရောက် လှူဒါန်းခဲ့ပါတယ်။
“ငွေကတော့ ရွှေပိုးရယ် သူငယ်ချင်းရယ် တတ်နိုင်သလောက်လေး ကူညီခဲ့တယ်။ ရွှေပိုးရဲ့ Facebook မှာတော့ တင်ထားတယ်။ ပမာဏကိုတော့ အခု ထည့်ပြောမပြချင်ပါဘူး။ ပိုက်ဆံချည်း သွားလှူတာမျိုး မဟုတ်ဘဲ တတ်နိုင်သလောက်လေး ခွန်အားပေးဖြစ်တာဆိုတော့ Facebook မှာ ဘယ်လောက်လှူလဲ တင်တာကျတော့ ရွှေပိုးတယောက်တည်း တင်မကဘူး။ ရွှေပိုးရဲ့ We Love တွေလည်း တတ်နိုင်သလောက်လေးလှူကြတာဆိုတော့ အကုန်လုံးကိုလည်း သိစေချင်တာကြောင့် စာတင်ရတာပါ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဆိုရင်က ပြဿနာ မရှိဘူးပေါ့။ သူများပိုက်ဆံတွေပါ ပါတော့ တင်ရတာပါ” လို့ ရွှေပိုးအိမ်က ပြောပါတယ်။
သွားရောက်လှူဒါန်းတဲ့အချိန်မှာလည်း မီဒီယာများကို ပြန်လည် ဖြေကြားခဲ့ခြင်း မရှိတာနဲ့ ပတ်သက်ပြီးတော့လည်း အခုလို ပြောပြခဲ့ပါတယ်။
“အမှန်အတိုင်းပြောရရင် နာမည်ရချင်လို့လည်း မဟုတ်ဘူး။ ကိုယ့်ရဲ့စေတနာက ဝေဒနာဖြစ်မယ်။ ဒီလိုအချိန်မှာ အင်တာဗျူးလိုက်ရင် နာမည်ရချင်လို့များ လုပ်တာလားဆိုပြီး သက်သက် စိတ်မကောင်းဖြစ်ရဦးမှာ။ ချက်ချင်းကြီးတော့ မပြောချင်ဘူး။ နည်းနည်းခြားပြီးမှ ပြောလိုက်ရင်တော့ တမျိုးပေါ့။ ဝမ်းနည်းနေတဲ့အချိန်ဆိုရင်လည်း စကားမှားသွားမယ်။ ငိုမိရင်လည်း အိုဗာတင်းလုပ်တယ် ပြောကြဦးမယ်။ အိမ်လိုက်သွားမှ သိကြမှာ အဘတို့၊ ညီမလေးတို့ကိုမြင်မှ သိကြမှာ ဆိုတော့လေ”လို့ ရွှေပိုးအိမ်က ပြောပါတယ်။
အဆိုပါ လိမ္မော်သီးသည် အဘရဲ့ ဗီဒီယိုဖိုင်အား Facebook မှာတွေ့မြင်ခဲ့ပြီး သွားရောက်ခဲ့တဲ့ လူတယောက်ထံမှ အဆက်အသွယ် ရယူကာ အဘထံ သွားရောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
“Facebook ပေါ်မှာ အဘကို အိမ်တိုင်ရာရောက် သွားလှူထားတဲ့ အစ်ကိုတယောက်ကို တွေ့လိုက်တော့ သူပို့စ်ရဲ့ ကောမန့်တွေထဲမှာ အဘဆီ သွားလှူချင်တယ်ဆိုရင် ဒီဖုန်းနံပါတ်ကို ဆက်ပြီးတော့ ဆက်သွယ်ပါဆိုပြီး ဆက်သွယ်လိုက်တယ်။ အဲ့ကနေ အဘက ဗိုလ်ချုပ်ဈေးမှာ ရှိတယ်ဆိုလို့ လိုက်သွားပြီး အဘကို အိမ်လိုက်ခဲ့ချင်တယ်ဆိုပြီး လိပ်စာမေးပြီး သွားလိုက်တာပေါ့” လို့ ရွှေပိုးအိမ်က ပြောပါတယ်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းဈေးမှာ လိမ္မော်သီး ရောင်းချနေတဲ့ အဘကတော့ အဲဒီနေရာမှာ ဈေးရောင်းချခဲ့တာဟာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး မသန်စွမ်းတဲ့ သားသမီးများနဲ့ မိသားစုကို လုပ်ကိုင်ကျွေးမွေးနေတာလည်း ဖြစ်ပါတယ်။
လူမှုကွန်ရက် စာမျက်နှာပေါ်မှာ စည်ပင်ဝန်ထမ်းက အသီးများကို ဖျက်ဆီးနေတဲ့ ဗီဒီယိုဖိုင် တက်လာပြီးနောက်ပိုင်းမှာတော့ အဘထံသို့ သရုပ်ဆောင် ရွှေပိုးအိမ်၊ ဖိလစ်ပိုင်မော်ဒယ် Sinon နဲ့ တခြားသော အလှူရှင်များက လာရောက် လှူဒါန်းကြတာကိုလည်း တွေ့ရပါတယ်။
You may also like these stories:
ရဲဒင်းလက်စွမ်းပြပြီး ဗီလိန်ဖြစ်သွားတဲ့ ဗိုလ်ချုပ်ဈေး စည်ပင်
သားဖြစ်သူ ဘုန်းမင်းနေလကို ပညာစုံအောင် သင်ခိုင်းထားတဲ့ ခင်ဇာခြည်ကျော်