ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတဲ့ “ဆေး” သီချင်းနဲ့ “ပုံပြင်” သီချင်းတွေရဲ့ Music Video ဖန်တီးဖြစ်ပုံ အကြောင်း အဆိုတော် ကော်နီက အခုလိုပဲ ပြောပါတယ်။
“အရင် ‘ဆေး’ သီချင်းတုန်းကလည်း ဒါရိုက်တာ မေဘရဏီရဲ့ အိုင်ဒီယာပဲ။ သူရိုက်တာ။ အခု ‘ပုံပြင်’ သီချင်းကိုလည်း မေဘရဏီပဲ ရိုက်တာ။ မကော်က ‘ဆေး’ တုန်းက နည်းနည်း ဂျီကျတော့ ‘ပုံပြင်’ ရိုက်တာ မကော်ကို မပြောဘူး။ ရိုက်တဲ့နေ့မှ ပြောတယ်။ မေဘရဏီကတော့ ကိုယ့်တူမလိုလည်း ဖြစ်နေတော့ ‘ပုံပြင်’ သီချင်းအတွက်လည်း သူပဲ စဉ်းစား ရိုက်ကူးပေးတာပါ”လို့ အဆိုတော် ကော်နီက ပြောပါတယ်။
ဆက်လက်ပြီး ကော်နီက ဒီသီချင်း Music Video မှာ သရုပ်ဆောင် ပိုင်ဖြိုးသု သရုပ်ဆောင်ထားတဲ့အပေါ် လိုက်ဖက်တဲ့ အကြောင်းကိုလည်း အခုလိုပဲ ဆိုပါတယ်။
“ပိုင်ဖြိုးသုကို သီချင်းလေးပို့ လိုက်တာနဲ့ ကြိုက်တယ်ဆိုပြီး သူရိုက်ပေးမယ် ပြောတော့ မကော် အရမ်းပျော်တယ်။ သီချင်းလေးနဲ့လည်း သူနဲ့ အရမ်းလိုက်တယ်၊ ချစ်စရာလေး။ ကောင်လေးကလည်း သန့်သန့်လေး အရမ်းလိုက်တယ်”လို့ ကော်နီက ပြောပါတယ်။
အခုနောက်ပိုင်း ကော်နီဆိုတဲ့ အသည်းကွဲသီချင်းတွေ ပေါက်တာဟာ ဘုရားက နောက်တကြိမ် ကြိုးစားခွင့် ပေးတာကြောင့်လို့ ကော်နီက ဆိုပါတယ်။
“အသည်းကွဲသီချင်းတွေ ပေါက်တာ ဘုရားက နောက်တကြိမ် မကော်ကို ကြိုးစားခွင့် ထပ်ပေးတယ်လို့ပဲ မြင်ပါတယ်။ အဲ့အတွက် မအိုခင်လေးမှာ ဘုရားက ကြိုးစားခွင့်ပေးတယ်။ မကော် ထပ်ကြိုးစားမယ်။ ခွေထွက်ဖို့ရှိတယ်။ အခုခေတ်မှာ ၉ ပုဒ်တို့၊ ၁၀ ပုဒ်တို့တော့ မထွက်ပါနဲ့လို့ ဆိုကြလို့ သီချင်း ၁၄ ပုဒ် ထွက်ဖို့ရှိတယ်။ စုံတွဲသီချင်းတွေလည်း ထွက်ဖို့ရှိတယ်”လို့ ကော်နီက ပြောပါတယ်။
အချစ်ရေးထက် မိသားစုအရေးတွေ၊ အနုပညာအလုပ်တွေကို ပိုဦးစားပေးလုပ်ဆောင်နေတဲ့ ကော်နီက ယနေ့ခေတ် အချစ်ရေးတွေအပေါ် သိပ်ပြီးတော့ သဘောမကျမိတာတွေရှိတယ်လို့လည်း ဆိုပါတယ်။
“တခါတလေ မဖြစ်သင့်တာတွေ ဖြစ်လို့ရှိရင် သိပ်အူယားတာ။ အသည်းကွဲတာ ခဏလေးပဲလေ။ ပြီးရင် ကိုယ့်ဘဝမှာ၊ လူ့လောကမှာ လုပ်စရာတွေ အများကြီးရှိတယ်လို့ အပျိုကြီးပီပီ ဒီလိုပဲတွေးတယ်။ အသည်းကွဲလို့ နောက်တယောက် ကြိုက်ရမယ်တို့၊ မဖြစ်နိုင်တဲ့လူကြီးကို မျှော်လင့်နေတာမျိုးတွေတော့ အားမပေးဘူး။ ချစ်မိရင်တော့ ချစ်မိမယ်။ အဲဒါကို ဘဝကြီးပျက်သွားရလောက်တဲ့အထိ မခံစားဘူး။ လူဖြစ်လာတာ ကံကောင်းတယ်။ ဘဝမှာ လုပ်စရာတွေ အများကြီး ရှိခဲ့တယ်”လို့ ကော်နီက ပြောပါတယ်။
အဆိုတော် ကော်နီကတော့ ‘ကိုကိုချစ်’ ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ အဆိုတော် တဦးဖြစ်ပြီး တကိုယ်တော် အခွေများစွာလည်း ထွက်ရှိထားသူပါ။ မိခင်ရဲ့ ကျန်းမာရေးကြောင့် ဂီတအလုပ်တွေ မလုပ်ဖြစ်တာ အတော်ကြာခဲ့ပြီးနောက် တေးရေး ဝေကြီး ရေးစပ်ပေးထားတဲ့ ‘ဆေး’ ဆိုတဲ့ သီချင်း အသစ်နဲ့ ပရိသတ်ရင်ထဲကို ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
“မြက်နု” ဇာတ်ကားရဲ့ အဓိပ္ပာယ်ကို ရှင်းပြတဲ့ ဇာတ်ညွှန်း ရေးသားသူ မိုးနီလွင်
အကောင့်တုကြောင့် အေးမြဖြူရဲ့ ပရိသတ်တွေ အထင်လွဲတာ ခံနေရတဲ့ ပွင့်နဒီမောင်
ဘယ်ကာရိုက်တာမဆို အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်တဲ့သူ ဖြစ်ချင်တဲ့ ဝတ်မှုံရွှေရည်