“နှစ်ပတ်လည်နေ့” သီချင်းနဲ့ ပရိသတ် အားပေးမှုရရှိခဲ့တဲ့ ဘန်နီဖြိုးက သူ့ရဲ့ဒုတိယမြောက် တကိုယ်တော် ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၁၄ နဲ့ ၁၅ ရက်နေ့တို့မှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
“ဖေဖော်ဝါရီ ၁၄ နဲ့ ၁၅ ရက်တွေမှာ ကျနော့် ဒုတိယမြောက် တကိုယ်တော် ဖျော်ဖြေပွဲကို လုပ်မယ်။ အမှန်လုပ်ချင်တဲ့ရက်က ၂၀ ရက်၊ ၂ လပိုင်းမှာ လုပ်ချင်တာ။ အဲ့နေ့က အဆင်မပြေတာကြောင့် ၁၄ ရက်နေ့ပဲ လုပ်မယ်။ ဘန်နီဖြိုးဆိုပြီး စဖြစ်လာတဲ့ သီချင်းကလည်း “နှစ်ပတ်လည်” ဖြစ်တယ်။ အဲ့အတွက် ၁၄ ရက်နေ့မှာ လုပ်ဖြစ်သွားတာပါ”လို့ အဆိုတော် ဘန်နီဖြိုးက ပြောပါတယ်။
အဆိုပါ ပွဲကို လာကြည့်မယ့် ပရိသတ်တွေအတွက် အဆင်ပြေအောင် စီစဉ်ထားပြီး စတိတ်စင်ကို အလယ်မှာ ဆောက်ထားကာ ဘေးမှာ Zone ၃ ခု ခွဲထားမယ်လို့ သိရပါတယ်။
“လာကြည့်မယ့်သူတွေအတွက် အဆင်ပြေအောင် စီစဉ်ထားပါတယ်။ ကျနော့်စင်က အလယ်မှာရှိမှာ ဖြစ်ပြီး ဘေးမှာ ဇုန် ၃ ဇုန် ခွဲထားမှာပါ။ အရှေ့ဘက်က Star Zone, Moon Zone, Sun Zone ဆိုပြီး ခွဲထားတယ်”လို့ ဘန်နီဖြိုးက ပြောပါတယ်။ ဖျော်ဖြေပွဲမှာ သူနဲ့အတူ တွဲပြီး ဖျော်ဖြေမယ့် အဆိုတော်တွေ အကြောင်းကိုလည်း အခုလိုပဲ ဆိုပါတယ်။
“ကျနော်နဲ့ တွဲပြီး ဆိုလေ့ဆိုထရှိတဲ့ သူကလည်း အများကြီး မရှိဘူး။ တချို့ သီချင်းတွေက မြူးနေတော့ ကျနော့်ပွဲပုံစံနဲ့ မလိုက်လို့ ဖယ်ထားခဲ့တာတွေ ရှိပါတယ်။ ဖျော်ဖြေပွဲမှာ လိုက်ဖက်တဲ့ သီချင်းတွေရွေးရင်း စိုင်းစိုင်း၊ အမရာ၊ ကိကိတို့နဲ့ ဆိုမှာပါ။ ကျနော် စိတ်ကူးထားတဲ့ပုံစံက The Yangon Gallery နေရာနဲ့ လိုက်နေတာကြောင့် မရရအောင် ပြင်ဆင်ပြီးတော့ လုပ်မှာပါ”
“နေရာကလည်း တကယ်ကို လူနည်းနည်းပဲ လာလို့ရမှာဖြစ်လို့ အဲဒီမှာ Limited ဖြစ်သွားပါတယ်။ အခါတိုင်းပွဲတွေလို ဝုန်းဒိုင်းကြဲ သောင်းကျန်းပြီးတော့ ကခုန်နေတာမျိုး မဟုတ်ပေမယ့် ကျနော် လုပ်ချင်တာတွေ ပိုများပြီး နောက်ထပ် တင်ဆက်မှု အသစ်တခုကို မြင်ရမှာပါ”လို့ ဘန်နီဖြိုးက ပြောပါတယ်။