ပြီးခဲ့တဲ့ ရက်သတ္တပတ်က ထွက်ရှိခဲ့တဲ့ အဆိုတော် Eminem ရဲ့ အခွေဟာ ဝေဖန်သံများနဲ့ ဆူညံနေပါတယ်။ ဝေဖန်သူတွေဟာ Eminem ရဲ့ စကားလုံး သုံးစွဲပုံတွေကို အဓိက ပြောဆိုနေကြတာ ဖြစ်ပါတယ်။
“Unaccommodating” လို့ အမည်ရတဲ့ သီချင်းကြောင့် ဝေဖန်ခံရတာဖြစ်ပြီး သီချင်းဟာ အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့မှာ ရှိုးပွဲပြုလုပ်နေစဉ် ဗုံးပေါက်ကွဲတာကြောင့် လူ ၂၂ ဦး သေဆုံးခဲ့ရတဲ့ အကြောင်းကို မှီငြမ်းပြီး ရေးသားထားတာဖြစ်တယ်လို့ သိရပါတယ်။
အဆိုတော် Eminem ကတော့ ဒီသီချင်းဟာ မကောင်းသူတွေကို စိတ်ချောက်ချားစေလိမ့်မယ်လို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။ “ကျနော့်ရဲ့ခွေက တခုခုဆို စိတ်ဆိုးတတ်တဲ့သူတွေနဲ့ ဒေါသထွက်လွယ်တဲ့သူတွေ အတွက် မဟုတ်ပါဘူး”လို့ ထည့်သွင်း ပြောဆိုခဲ့ပါသေးတယ်။
သီချင်းရဲ့အစမှာ Eminem က “ဗုံးကွဲမှုတွေ ပျောက်ဆုံးသွားပါစေလို့စိတ်ထဲက အော်ဟစ် ဆုတွေတောင်းနေတုန်း၊ Ariana Grande သီချင်းဆိုနေတဲ့ နေရာရဲ့ ခပ်လှမ်းလှမ်းမှာ ငါစောင့်နေတယ်”ဆိုတဲ့ စာသားပြီးတဲ့နောက်မှာ ဗုံးကွဲတဲ့ အသံတွေ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
ဒီသီချင်းထဲက စာသားတွေနဲ့ ပတ်သက်ပြီး တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှာ ဝေဖန်မှုတွေ ရှိနေပြီး Eminem ဟာ မကျော်သင့်တဲ့ စည်းတခုကို ကျော်ခဲ့တယ်လို့ စွပ်စွဲထားကြပါတယ်။
အဲဒီလို စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး Eminem က “ကျနော့် သီချင်းကို နားထောင်သူတို့ခင်ဗျာ။ ဒီသီချင်းကို ရေးသားရတာဟာ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ ခင်ဗျားတို့ ထင်သလို လူသတ် လက်နက် မဟုတ်ဘူးဆိုတဲ့ အကြောင်းကိုလည်း ရှင်းပြချင်ပါတယ်။ ဒီအခွေဟာ ကြောက်တတ်လွန်းသူတွေအတွက် မဟုတ်ပါဘူး”
“နောက်ပြီးတော့ ထိလွယ်ရှလွယ် ခံစားလွယ်တတ်တဲ့သူတွေ အတွက်လည်း မဟုတ်ပါဘူး။ တခွေလုံးကို ကြောင်းကျိုးသိမြင် ခံစားနိုင်စွမ်းတွေ ရှိအောင်နဲ့ အပြုသဘောဆောင်တဲ့ ဆောင်ရွက်မှုတွေ ရရှိအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးသိတဲ့ အတိုင်းပါပဲ။ ကျနော်တို့ဟာ မကောင်းတဲ့ဘက်ကပဲ ရှုမြင်ကြတော့တယ်”
“ခင်ဗျားတို့အားလုံး မြင်တဲ့ အတိုင်းပဲ ဒီဖြစ်ရပ်ဟာ စိတ်ချမ်းသာစရာ လုံးဝ မရှိပါဘူး။ ကျနော်ကလည်း ဓားစွမ်းထက် ကလောင်စွမ်းထက် ဆိုတာမျိုး ဖြစ်အောင် ဆိုလိုက်တာပါ။ သီချင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားသူတွေကို ငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးပါတယ်”လို့ Eminem က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
အသက် ၄၇ နှစ် ရှိပြီဖြစ်တဲ့ အမေရိကန် ဟစ်ဟော့ပ်အဆိုတော် Eminem ဟာ သူ့ရဲ့ ၁၁ ခွေမြောက် တကိုယ်တော်ဖြစ်တဲ့ “Music To Be Murdered By” ဆိုတဲ့ သီချင်းအယ်လ်ဘမ်ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က ထွက်ရှိခဲ့ပြီး အဲဒီခွေဟာ UK Chart List ရဲ့ နံပါတ် ၁ နေရာမှာ ရှိနေတယ်လို့ သိရပါတယ်။
Ref. BBC
You may also like these stories:
ကာတွန်းစီးရီးအသစ်မှာ မင်းသားဟယ်ရီ နေရာကနေ အသံသရုပ်ဆောင်မယ့် Orlando Bloom
“The Witcher” ကာတွန်းရုပ်ရှင်ကို မကြာခင် ကြည့်ရှုရမည်
“ပုံပြင်” သီချင်း Music Video ဖန်တီးမှုအကြောင်း ပြောပြတဲ့ အဆိုတော် ကော်နီ