ဒါရိုက်တာ ပွင့်သိင်္ဂီဇော် ရိုက်ကူးတဲ့ “မြက်နု” ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ဝင်တေး သီချင်းဖြစ်တဲ့ “ငယ်သူမို့” သီချင်းကို သီဆိုထားတဲ့ စံမီမီနဲ့ ကျေးကျေး ညီအစ်မ နှစ်ယောက်က ပရိသတ်တွေ အားပေးကြတဲ့အတွက် ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
“ငယ်သူမို့ သီချင်းလေးကို ရုပ်ရှင်ဇာတ်ကားအတွက် ကမ်းလှမ်းတယ်။ ညီမတို့က ဘယ်ကားအတွက် သုံးမှန်းတော့ မသိလိုက်ဘူး။ Family Show မှာမှ သိတာပေါ့။ ဒီသီချင်းလေးက မြက်နု ဇာတ်ကားနဲ့ အရမ်းလည်း လိုက်ဖက်တယ်။ ပရိသတ်တွေကလည်း အားပေးကြလို့ အရမ်းလည်း ပျော်ပါတယ်။ ညီမတို့ စံမီမီ၊ ကျေးကျေး ဗားရှင်းအသစ်လေးကိုလည်း အားပေးကြလို့ ကျေးဇူးတင်ပါတယ်”လို့ ကျေးကျေးက ပြောပါတယ်။
ကိုယ်တိုင်ကလည်း ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေ ဖြစ်တဲ့အတွက် “မြက်နု” ဇာတ်ကား ကြည့်ချိန်မှာ ကိုယ်နဲ့ ရွယ်တူပုံစံလေးတွေ ကြည့်ရတာ အရမ်းချစ်ဖို့ကောင်းတယ်လို့ ဆိုပါတယ်။
“မြက်နု ကားလေးကို ကြည့်ရချိန်မှာ ညီမတို့ အရွယ်ဖြစ်နေတဲ့ ပုံစံလေးအတိုင်းပဲ။ မကစ်(ဝတ်မှုံရွှေရည်) ဝတ်ထားတဲ့ ပုံစံလေးတွေကလည်း အရမ်းချစ်ဖို့ ကောင်းတယ်။ ညီမတို့သီချင်းလေးတွေလည်း ထွက်ထားတယ်။ နောက်ထပ်လည်း သီချင်းလေးတွေ ထပ်လုပ်ဖို့ ရှိတယ်။ နောက်ထပ် ထွက်ရင်လည်း အားပေးဖို့ ပြောချင်ပါတယ်။ ညီမတို့ဘက်ကနေလည်း အများကြီး ကြိုးစားပြင်ဆင်နေပါတယ်။ လိုအပ်ချက် ရှိသွားရင်လည်း နားလည်ပေးပါ”လို့ ကျေးကျေးက ပြောပါတယ်။
“မြက်နု” ဇာတ်ကားနဲ့ “ငယ်သူမို့” သီချင်းက အရမ်းလိုက်ဖက်တယ်လို့ ဆိုပြီး ကျေးကျေးနဲ့ စံမီမီတို့ရဲ့ အသစ် ထွက်လာမယ့် သီချင်းအကြောင်းကိုလည်း အခုလိုပဲ ဆိုပါတယ်။
“မြက်နုကားနဲ့ ငယ်သူမို့ သီချင်းလေးက အရမ်းလိုက်ဖက်တယ်။ မြက်နု ဇာတ်ကားက ညီမတို့အရွယ် အသက်ငယ်ငယ် ကောင်မလေးတွေနဲ့ အသက်ကြီးကြီးအရွယ် ချစ်ကြတဲ့ ဇာတ်လမ်းလေးပေါ့။ အရမ်းလည်း Romantic ဖြစ်တယ်။ ပရိသတ်တွေလည်း ကြည့်ရင် ကျေနပ်ကြမယ်လို့ထင်ပါတယ်။ ညီမတို့ နောက်ထပ် Have a nice day သီချင်း ထွက်လာရင်လည်း အားပေးဖို့ပြောချင်ပါတယ်”လို့ စံမီမီက ပြောပါတယ်။
စံမီမီနဲ့ ကျေးကျေးတို့ ညီအစ်မ နှစ်ယောက်ရဲ့ ဦးလေးဖြစ်သူ စာရေးဆရာ အကြည်တော်က တူမလေးတွေ အတွက် ကိုယ်တိုင် သီချင်းရေးပေးသလို၊ ဆရာဆိုလည်း ဟုတ်တယ်လို့ ဆိုပါတယ်။
“စာရေးဆရာ အကြည်တော်က ညီမတို့ရဲ့ ဦးလေးလည်း ဖြစ်သလို၊ ဆရာဆိုရင်လည်း ဟုတ်ပါတယ်။ ဒီသီချင်းတွေကို သူကပဲ ထုတ်ပေးပြီးတော့ သူရေးပေးထားတဲ့ သီချင်းတွေလည်း ရှိတယ်။ သူက မိသားစုကို အရမ်းချစ်တဲ့ လူတယောက်ဖြစ်သလို ညီမတို့ သီချင်းဆိုတဲ့ အချိန်ကျရင်လည်း အားမလို အားမရ ဖြစ်နေတတ်တယ်”လို့ စံမီမီက ပြောပါတယ်။
“ငယ်သူမို့” သီချင်းကို တေးရေး ဓီရာမိုရ် ရေးသားပြီး အဆိုတော် ချစ်သုဝေ သီဆိုဖူးပါတယ်။ ဒီသီချင်းကို စံမီမီနဲ့ ကျေးကျေးတို့က ဗားရှင်းအသစ် ပြန်လည် သီဆိုထားတာ ဖြစ်ပါတယ်။ အကြည်တော်ရဲ့ တူမလေး နှစ်ဦးဖြစ်တဲ့ စံမီမီနဲ့ ကျေးကျေးတို့ကတော့ “ငယ်သူမို့”၊ “နင် နေကောင်းရဲ့လား” စတဲ့ သီချင်းများနဲ့ ပရိသတ် အားပေးမှု ရရှိထားပါတယ်။
You may also like these stories:
တယောက်တည်း နေရတဲ့ ခံစားချက်တွေကို သီချင်းရေးထားတဲ့ အဆိုတော် G Fatt
ဖေဖော်ဝါရီမှာ ပြုလုပ်မယ့် အဆိုတော် ဘန်နီဖြိုးရဲ့ ဒုတိယမြောက် တကိုယ်တော် ဖျော်ဖြေပွဲ
“ပုံပြင်” သီချင်း Music Video ဖန်တီးမှုအကြောင်း ပြောပြတဲ့ အဆိုတော် ကော်နီ