ဟာသ သရုပ်ဆောင် ဗေလုဝဟာ ဦးနှောက်သွေးကြောပိတ်ရောဂါနဲ့ မြောက်ဒဂုံမြို့နယ်၊ ပင်လုံဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပြီး လက်ရှိ သူ့ရဲ့ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်တာကြောင့် ဆေးရုံဆင်းရတော့မယ်လို့ ဗေလုဝရဲ့ ဇနီးဖြစ်သူက ဧရာဝတီကို ပြောပါတယ်။
“အခုကျန်းမာရေးက ပြန်လည်ကောင်းမွန်လာပါပြီ။ လေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်တာလေးတွေလည်း လုပ်နေရပါတယ်။ အကုန်လည်း မှတ်မိနေပါတယ်။ ဆေးရုံဆင်းရမယ်လို့တော့ ဆရာဝန်က ပြောပါတယ်။ စကားတွေလည်း ပြောနိုင်နေပါပြီ။ လူတွေလည်း မှတ်မိနေပါပြီ။ အသေအချာ ကောင်းမွန်ဖို့ကတော့ အချိန်လေး နည်းနည်း ယူရဦးမှာပေါ့”
“သူ လှုပ်လှုပ်ရှားရှားနေရင် ပိုကောင်းဖို့ ပိုမြန်မယ်လို့ ပြောပါတယ်။ အခုတော့ ဆေးရုံဆင်းရင် အိမ်မှာ သေချာပြုစုရမှာပါ။ ဘန်ကောက် ဆေးသွားကုဖို့ကတော့ လိုပါသေးတယ်”လို့ ဗေလုဝရဲ့ ဇနီးဖြစ်သူ ဒေါ်စုစုခိုင်က ဧရာဝတီကို ပြောပါတယ်။
ဟာသ သရုပ်ဆောင် ဗေလုဝဟာ ဇန်နဝါရီ ၁၁ ရက်နေ့က ဦးနှောက်သွေးကြော ပိတ်သွားတဲ့အတွက် ရုတ်တရက် ဆေးရုံတက်ပြီး ကုသမှု ခံယူနေရတာပါ။ ဆေးရုံတက်နေစဉ်အတွင်း ကွယ်လွန်ပြီဆိုပြီး သတင်းမှားတွေလည်း တက်လာခဲ့ပါသေးတယ်။
ဟာသ သရုပ်ဆောင် ဗေလုဝဟာ အနုပညာ အလုပ်တွေအပြင် မြို့၊ ရွာတွေမှာရှိတဲ့ စာပေဟောပြောပွဲ တွေမှာလည်း တတပ်တအား ပါဝင်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်လုပ်ငန်းအဖြစ် “လယ်သူမ” ဆိုတဲ့ မြန်မာထမင်းဆိုင် ဖွင့်လှစ်ထားပါတယ်။ ဗေလုဝက “ဤအရာကို အချစ်လို့ခေါ်သလား” ရုပ်ရှင်နဲ့ အကယ်ဒမီဆု ရရှိထားသူ ဖြစ်ပါတယ်။
You may also like these stories:
“မြက်နု” ဇာတ်ကားရဲ့ အဓိပ္ပာယ်ကို ရှင်းပြတဲ့ ဇာတ်ညွှန်း ရေးသားသူ မိုးနီလွင်
ဘယ်ကာရိုက်တာမဆို အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်တဲ့သူ ဖြစ်ချင်တဲ့ ဝတ်မှုံရွှေရည်
ရန်ကုန်မြို့၊ ချင်းချောင်းနန်းတော်မှာ ကျင်းပမယ့် Singapore Festival ၂၀၂၀ ပွဲတော်