တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် အဲ့ဒီမြို့မှာ မကြာခင် ပြုလုပ်မယ့် တရုတ်စတားတွေရဲ့ ဖျော်ဖြေပွဲ တော်တော်များများကို ရွှေ့ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။
တရုတ်အစိုးရက ဟူဘေးပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဝူဟန်မြို့ကနေ ခရီးသွားလာခွင့်ကို ပိတ်ပင်ထားပြီး လူ ၁၇ ဦး သေဆုံးစေခဲ့ရပြီးဖြစ်တဲ့ ဆားစ်ရောဂါလိုမျိုး ဗိုင်းရပ်စ်ပိုး ကူးစက် ပျံ့နှံ့မှုကို ရပ်တန့်ဖို့ ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။
ထိုင်ဝမ်ရဲ့ Golden Melody Awards ဆုပေးပွဲမှာ တနှစ်တာအတွက် အကောင်းဆုံးတေးသီချင်းနဲ့ အကောင်းဆုံး အယ်လ်ဘမ်ဆု ရရှိထားတဲ့ ထိုင်ဝမ်အဆိုတော် Jolin Tsai ဟာ မတ်လ ၇ ရက်နေ့ကျရင် Wuhan Sports Centre မှာ ဖျော်ဖြေပွဲ ပြုလုပ်ဖို့ရှိနေပါတယ်။ ဒါပေမဲ့ ပွဲစီစဉ်သူတွေက အဲ့ဒီ ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း ဇန်နဝါရီလ ၂၂ ရက်နေ့မှာပဲ ကြေညာလိုက်ပါတယ်။ အဆိုတော် Tsai ရဲ့ မန်နေဂျာကတော့ ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းထားဖု့ိ အကြောင်းကြားစာ ရရှိထားတယ်လို့ အတည်ပြုခဲ့ပါတယ်။
ချန်ဒူနဲ့ ဝူဟန်မြို့တို့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ မလေးရှားအဆိုတော် Penny Tai ဦးဆောင်တဲ့ ရော့ခ်တီးဝိုင်း Buddha Jump ရဲ့ ဖျော်ဖြေပွဲကိုလည်း ရွှေ့ဆိုင်းထားလိုက်ပြီး ဖြစ်ပါတယ်။ လက်မှတ်ရောင်းချရေး ဌာနတွေကလည်း လက်မှတ်ဝယ်ယူထားတဲ့ ပရိသတ်တွေကို ငွေပြန်အမ်းပေးဖို့ စီစဉ်နေပြီလို့လည်း ဆိုပါတယ်။
တရုတ်အဆိုတော် Han Hong နဲ့ ရော့ခ်တီးဝိုင်း Modern Brothers တို့ဟာလည်း ဝူဟန်မြို့မှာ ပြုလုပ်မယ့် သူတို့ရဲ့ ဖျော်ဖြေပွဲတွေကို ရွှေ့ဆိုင်းထားလိုက်ပြီဖြစ်ပါတယ်။ Modern Brothers တီးဝိုင်းကတော့ ချစ်သူများနေ့မှာ ဖျော်ဖြေဖို့ စီစဉ်ထားတာဖြစ်ပြီး အဆိုတော် Han ကတော့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ဖျော်ဖြေပွဲ တခုပြုလုပ်ဖို့ ရှိခဲ့တာပါ။
ဟောင်ကောင်စတား Andy Lau ကလည်း မကြာမီ ဝူဟန်မြို့မှာ ပြုလုပ်ဖို့ ရှိတဲ့ ဖျော်ဖြေပွဲကို ကျင်းပဖို့ ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မကြေညာသေးပါဘူး။ အဲ့ဒီဖျော်ဖြေပွဲတွေကို လာမယ့် ဧပြီလ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ ပြုလုပ်ဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ မင်းသား Lau ရဲ့ အေဂျင်စီကတော့ ပွဲစီစဉ်သူတွေနဲ့ ဆွေးနွေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင်ကတော့ အာဏာပိုင်တွေအနေနဲ့ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၇၁ ဦးနဲ့ သေဆုံးသူ ၁၇ ဦးရှိပြီလို့ အတည်ပြုထားတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။
Ref: straitstimes
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်ရှိ မြို့ ၁၀ မြို့ကို ခရီးသွားလာခွင့် ပိတ်ပင်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် မြို့ ၃ မြို့ဝင်ထွက်ခွင့်ပိတ်
ဝူဟန်တွင် လူ ၁၇ ဦးသေဆုံးခဲ့ရသည့် ဗိုင်းရပ်၊ မြွေများမှတဆင့် ကူးစက်ခြင်း ဖြစ်နိုင်ဟုဆို