Lifestyle နဲ့ Beauty Blogger တဦးဖြစ်တဲ့ ဝင်းမင်းသန်းကတော့ ပရိသတ်များကို အကြောင်းအရာများ ဝေမျှတဲ့အခါမှာ ကိုယ့်ယုံကြည်မှုတခုအတွက် ဟစ်ကြွေးလို့ မရဘဲ လူအများလက်ခံဖို့လိုတယ်လို့ ပြောပါတယ်။
“ကိုယ်တိုင်သန့်ရှင်းနေမှ၊ ကိုယ်တိုင်စိတ်က ကြည်လင်နေမှ ပြန်ပြီးထုတ်တာတွေက အကြည်ဓာတ်တွေ ပြန်ထုတ်နိုင်မယ်။ ပြီးတော့ ကိုယ်ပြောချင်တာပြောပြီးမှ ငါပြောချင်တိုင်းပြောမယ် ၊ကိုယ်ယုံကြည်မှုတခုနဲ့ ဟစ်ကြွေးနေလို့ မရဘူး။ ကိုယ့်ရဲ့ ယုံကြည်မှုက လူအများလက်ခံဖို့လည်းလိုသေးတယ်။ လူအများရဲ့ဘဝနဲ့ တထပ်တည်းကျပြီး လိုက်ပြီးကျင့်ကြံနိုင်မှလည်း ကိုယ့်စကားက လူအများကြားမှာ တန်ဖိုးထားခံရမယ်” လို့ ဝင်းမင်းသန်းက ပြောပါတယ်။
ဝင်းမင်းသန်းအနေနဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဘယ်သူ့ကိုမှ မတိုက်ခိုက်ဘဲ အမြင်မတော်တာတွေကိုသာ ပြောခြင်းဖြစ်တယ်လို့ သိရပါတယ်။
“ကျမက ဘယ်သူ့မှ မတိုက်ခိုက်ပါဘူး။ ပြောစရာရှိတာတွေကို အခုမှ မဟုတ်ဘူး။ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြင်မတော်တာကို ပြောနေကျဆိုတော့ ဘာကိုမှတိုက်ခိုက်တာလည်း မဟုတ်ဘူး။ ပြောနေတာလည်း မဟုတ်ဘူး။ ဖြစ်သွားတာလေးတွေကို အမှန်အတိုင်းပြောတာပဲ ရှိပါတယ်” လို့ ဝင်းမင်းသန်းက ပြောပါတယ်။
ဝင်းမင်းသန်းကတော့ သူပြောတဲ့စကားများက အားလုံးကိုလှဖို့အတွက်ပဲပြောနေတာဖြစ်ပြီး လက်တွေ့ကျကျ လူတိုင်းလိုက်လုပ်နိုင်တာဖြစ်တဲ့အတွက် သူ့ကို လက်ခံကြတာဖြစ်မယ်ထင်တယ်လို့ ဆိုပါတယ်။
“ကျမဆိုရင် ကျမစကားတွေက အားလုံးကိုလှဖို့ပဲပြောနေတာလေ ကျမလည်းအရမ်းလှချင်တယ်။ သူများကိုလည်း အရမ်းလှစေချင်တယ်။ ကျမစကားလေးတွေက လက်တွေ့ကျကျ လူကြီးလူငယ် ကျားမ မရွေး၊ LGBT အားလုံး Glow လို့ရတယ်ဆိုတော့ ဒါကြောင့်မို့လို့လည်း ကျမကိုလက်ခံကြတယ်လို့ထင်ပါတယ်။ လက်မခံတဲ့သူတွေကိုလည်း စိတ်လည်းမဆိုးဘူး။ လူတကိုယ် အကြိုက်တမျိုးစီပဲနော်” လို့ ဝင်းမင်းသန်းက ပြောပါတယ်။
အပျိုကြီးတယောက်လို့ ခံယူထားတဲ့သူတယောက်ဖြစ်တဲ့ ဝင်းမင်းသန်းကိုတော့ တချို့သောသူများက တိုက်ခိုက်မှုများ ရှိသလို ကိုယ်တိုင်ကရော အပျိုကြီးလို့ ခေါ်ဝေါ်သုံးစွဲမှုအပေါ် ဘယ်လိုအမြင်ရှိလဲဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။
“အိမ်ထောင်မကျသေးလို့ အပျိုလေး ၊ အပျိုလတ် ၊ အိမ်ထောင်မကျသေးဘဲ အသက်ကြီးသွားလို့ အပျိုကြီးလို့ခေါ်တာကို စိတ်လည်းမဆိုးဘူး။ ကိုယ်တိုင်လည်း ဒီဘဝကိုကျေကျေနပ်နပ်ကြီးခံယူထားတဲ့အတွက် ကျမကတော့ ကျေနပ်တယ်။ ဘယ်သူ့ကိုမှလည်းစိတ်မဆိုးဘူး။ တကယ်အပျိုကြီးမို့လို့ အပျိုကြီးခေါ်တာလေ ယောကျာ်းရှိတဲ့သူကို အပျိုကြီးခေါ်လို့မရဘူးလေ”
“ အိမ်ထောင်သည်လည်း အိမ်ထောင်သည်မို့လို့ ဂုဏ်ရှိတယ်။ အပျိုကြီးဆိုတာလည်း အပျိုကြီးဂုဏ်ရှိတယ်။ လူတိုင်းမှာ သမာအာဇီဝနဲ့ ရိုးရိုးသားသား လုပ်စားနေတဲ့ လူတိုင်းမှာ ဂုဏ်ရှိတယ်။ ကိုယ်ဖြစ်တဲ့ဘဝကို ကိုယ်ဂုဏ်ယူတယ်။ စိတ်မဆိုးဘူးပျော်တယ်” လို့ ဝင်းမင်းသန်းက ပြောပါတယ်။
သူကိုယ်တိုင် အဆင်မပြေတဲ့ မိဘ ၂ဦးကြားမှာ ကြီးပြင်းခဲ့ရတဲ့လူတယောက်ဖြစ်တာကြောင့် အိမ်ထောင်ပြုဖို့ကိစ္စမှာ တွေးစရာများလာခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
“မပြေလည်တဲ့မိဘတွေ အိမ်တွင်းအကြမ်းဖက်ခံရတဲ့မိဘတွေ အဖေကအမေ့ပေါ်မှာ ဖောက်ပြန်တာတွေ နှိပ်စက်တာ တွေကို မြင်ခဲ့ရတဲ့အခါမှာ ကျမလည်း မိန်းကလေးတယောက်အနေနဲ့ တကယ်ကိုယ့်မိဘတွေဖြစ်သွားတာကြောင့် ဆင်ခြင်ရတယ်။ တွေးစရာတွေအများကြီးဖြစ်လာတယ်။ အိမ်ထောင်ကျရင်ဒါမျိုးလား။ လူတိုင်းကိုတော့ ပြောတာ မဟုတ်ပါဘူး။ အိမ်ထောင်ကျပြီးမှပြောတာထက် အိမ်ထောင်မကျခင် အရင်စဉ်းစားပါ” လို့ ဝင်းမင်းသန်းက ပြောပါတယ်။
ဆက်လက်ပြီး ဝင်းမင်းသန်းက “ကိုယ်တိုင်လည်းရည်းစားရှိဖူးပါတယ်။ ကိုယ်နဲ့အရမ်းအဆင်ပြေတဲ့အတွက် အရမ်းပျော်ခဲ့ ရပါတယ်။ ဒါပေမယ့် မိသားစုတွေရဲ့တာဝန် ကျမ ရောက်ရှိနေတဲ့မိသားစုထဲမှာ တာဝန်ကျေချင်တဲ့သူဆိုတော့ အသည်းကွဲခံပြီးတော့ မြန်မာပြည်ပြန်လာရတဲ့ သဘောပေါ့။ ဒါပေမယ့်အဲ့အတွက်လည်း ဝမ်းမနည်းပါဘူး။ ဖြစ်တဲ့ဘဝမှာ ပျော်အောင်နေပါတယ်။ လူငယ်တွေ စဉ်းစားချင့်ချိန်နိုင်တဲ့ အသိဉာဏ်အရင်ဆုံးမွေးပါ” လို့ပြောပါတယ်။
အိမ်ထောင်မပြုရသေးတဲ့ လူငယ်များအတွက်လည်း ဝင်းမင်းသန်းက အကြံပြုစကားပြောခဲ့ပါတယ်။
“ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျတာထက် ငယ်ရွယ်တုန်းမှာ ပညာသင်ပါ။ အပေါင်းအသင်း ဝင်ဆံ့အောင်နေပါ။ အလုပ်လုပ်ပါ။ သက်မွေးဝမ်းကြောင်းပညာတွေရှာပါ။ ပညာစုံမှကြင်ယာကိုရှာတာ အကောင်းဆုံးပါ။ အဲဒီအချိန်ဆိုရင် ကိုယ့်မှာဝေဖန်ပိုင်းခြားနိုင်တာတွေ အများကြီးရှိလာပြီဖြစ်တဲ့အတွက် အသက်အရွယ်တခုရောက်မှ အိမ်ထောင်ကျတာအကောင်းဆုံးပါ”
“ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျရင် အလုပ်လုပ်သလိုပေါ့။ အတွေ့အကြုံမရှိရင်မှားတတ်တယ်။ အတွေ့အကြုံလေးအရင်ရှိအောင်လုပ်ပါ။ ပြီးမှသာ ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ်နဲ့ထိုက်တန်တဲ့သူနဲ့ ကြင်ယာဆုံသွားရင် တကယ်ကိုပျော်ဖို့ကောင်းပါတယ်” လို့ ဝင်းမင်းသန်းကပြောပါတယ်။
ဝင်းမင်းသန်းကတော့ ၂၀၁၃ ခုနှစ်မှစတင်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အလှအပရေးရာနဲ့ တခြားသော အကြံပြုစကားများကို ဝေမျှနေတဲ့သူတယောက်ဖြစ်ပါတယ်။
You may also like these stories:
“မြက်နု” ဇာတ်ကားရဲ့ အဓိပ္ပာယ်ကို ရှင်းပြတဲ့ ဇာတ်ညွှန်း ရေးသားသူ မိုးနီလွင်
“မြန်မာပေါကားတွေရပ်” ရုပ်ရှင်ပိုစတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေတဲ့ ဒါရိုက်တာ ဉာဏ်ထင်