Entertainment

“မြက်နု” ဇာတ်ကားမှာ အသက်အရွယ်နဲ့ လိုက်ဖက်အောင် သရုပ်ဆောင်ထားတဲ့ နေတိုး

“မြက်နု” ဇာတ်ကားမှာ “သက်ပိုင်” ဆိုတဲ့ အသက် ၄၀ အရွယ် အမျိုးသား ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ နေတိုးက ဒီဇာတ်ကားမှာ အသက်အရွယ်နဲ့ လိုက်ဖက်အောင် အမူအရာကအစ သေချာ သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

“ဒီဇာတ်ကားက အရင်က ရိုက်ခဲ့တဲ့ ဇာတ်ကားတွေနဲ့ မတူပါဘူး။ Romance က ပိုများတယ်။ ဒီဇာတ်လမ်းလေးက ကြည်နူးစရာ ကောင်းတယ်။ ရင်ခုန်စရာ စိတ်လှုပ်ရှားစရာ ကောင်းတယ်။ လူကြီးနဲ့ လူငယ်ကြားမှာ စောင့်ထိန်းရတဲ့ အရာမျိုးလေးတွေကလည်း ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းတယ်”

“အတတ်နိုင်ဆုံးတော့ လှုပ်ရှားမှုတွေမှာလည်း အသက်အရွယ်နဲ့ လိုက်ဖက်မှုတွေဖြစ်အောင် စကားပြောတဲ့ အသုံးအနှုန်းတွေကအစ၊ တချို့လူကြီးတွေက ကလေးတွေနဲ့ ပြောတဲ့အချိန်မှာ မျက်လုံး အကြည့်လေးတွေကအစ လူငယ်တွေနဲ့ မတူတဲ့ပုံလေးတွေ ရှိတယ်။ လူငယ်တွေကို သွန်သင်ဆုံးမတဲ့ အချိန်မှာ ကရုဏာ ဒေါသလေးတွေ ပါတတ်တယ်”

“ပရိသတ်ကိုလည်း ဒီဇာတ်ကား ကြည့်နေရင်းနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ၊ ကြည်နူးစရာလေးတွေ အပြည့်အဝ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကစ်ကို ကျနော့်အမြင် ပြောရမယ်ဆိုရင် သူ့ရဲ့ ကိုယ်ပိုင်ဟန်လေးကို ဒီဇာတ်ကားထဲမှာ မြင်ရမယ်။ သူ့ရဲ့ ကာရိုက်တာနဲ့ လိုက်ဖက်မှု ရှိအောင်လည်း အပြည့်အဝ သရုပ်ဆောင်နိုင်တာ တွေ့ရတယ်”လို့ နေတိုးက ပြောပါတယ်။

ဇာတ်ကားနာမည်နဲ့ ပတ်သက်လို့လည်း အများဝေဖန်စရာ ဖြစ်နေပေမယ့် ဇာတ်ကားနာမည်ကို ဇာတ်ညွန်းဆရာက ပေးထားတာ အဓိပ္ပာယ်တမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီစကားလေးကို ပြောလိုက်တာနဲ့ လူတွေက တခုခုကို ပြေးမြင်တယ်ပေါ့နော်။ ရည်ရွယ်ချက်ကလည်း အဲဒီလိုပုံစံမျိုး ဖြစ်စေချင်တာပေါ့။ ရုတ်တရက်ဆိုရင်လည်း လူတယောက်က ဒေါသထွက်စရာကောင်းတဲ့ စကားလုံးလေးတခု ဖြစ်နေတာပေါ့။ ဇာတ်ကား နာမည်ပေးတာကတော့ ဇာတ်ညွှန်းရေးဆရာက ပေးထားတာပါ။ ဒီစကားလုံးက ဇာတ်ကား တကားလုံးရဲ့ ၅၀ ရာခိုင်နှုန်းနဲ့ လိုက်ဖက်တယ်လို့တော့ ကျနော်မြင်တယ်”

“ရုပ်ရှင်ထဲမှာတော့ အရမ်းချစ်တတ်သူ အဖြစ်သာတွေ့ရတာ၊ အပြင်မှာတော့ အဲ့လိုမျိုး မထင်ဘူး။ ဇာတ်ကားထဲမှာတော့ တကားပြီးတကား ရိုနေတာပဲ။ အပြင်မှာတော့ အဲ့လို မထင်ဘူး။ အပြင်ကနေတိုးရဲ့ အချစ်က လက်တွေ့ဆန်တယ်လို့ကို မထင်မိဘူး။ အပြင်က နေတိုးက မရိုတတ်ဘူး”လို့ နေတိုးက ပြောပါတယ်။

“မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသလျက် ရှိပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ပွင့်သိင်္ဂီဇော် ရိုက်ကူးထားပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းကတော့ မိုးနီလွင် ရေးသားထားပါတယ်။ ဒီဇာတ်ကားမှာတော့ သရုပ်ဆောင် နေတိုး၊ ဝတ်မှုံရွှေရည်၊ နေဆန်း၊ ခင်ဇာခြည်ကျော်၊ မုဏ်း၊ ဇင်မျိုး၊ ရွှေရင်အေးနဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

You may also like these stories:

“ကိုယ့်ယုံကြည်မှုက လူအများ လက်ခံဖို့လိုတယ်”လို့ ဝင်းမင်းသန်း ပြော

နေမကောင်းဖြစ်နေတဲ့ မိခင်ကို ဆေးကုဖို့ အလုပ်တွေ ပိုကြိုးစားမယ့် ဘန်ဂျမင်ဆုမ်း

Loading