မကြာသေးခင်က ရုံတင်ပြသခဲ့တဲ့ “၃(က)” ရုပ်ရှင်ဇာတ်ကား ဖန်တီးသူ ဒါရိုက်တာ အောင်ချမ်းလူကတော့ သူ့ရှေ့က ဝါရင့် ရုပ်ရှင်ဖန်တီးသူတိုင်းဟာ မြင်ဆရာ၊ ကြားဆရာများဖြစ်ကြပြီး ကျေးဇူးမကင်းဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“ရုပ်ရှင်တိုင်းကို ကျနော် ချစ်ပါတယ်။ ရုပ်ရှင် ဖန်တီးသူတိုင်းကို ချစ်ပါတယ်။ သူတို့ဆီက ကောင်းတဲ့ဟာတွေကို ယူတယ်။ အကယ်လို့ မကောင်းခဲ့ရင် ရှောင်ကြဉ်ဖို့အတွက် သင်ခန်းစာ ယူတယ်။ ကိုယ့်ရှေ့ကသွားတဲ့သူထဲက ကောင်းတဲ့သူပဲဖြစ်ဖြစ်၊ ဆိုးတဲ့သူပဲဖြစ်ဖြစ် သူတို့ရဲ့ကျေးဇူး မကင်းဘူး။ မြင်ဆရာ၊ ကြားဆရာလို့ ပြောလို့ရတယ်”လို့ ဒါရိုက်တာ အောင်ချမ်းလူက ပြောပါတယ်။
ကိုယ်တိုင် အခက်အခဲများစွာနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ရတာ ဖြစ်တဲ့အတွက် သူ့လို ရုပ်ရှင်ဖန်တီးမှုကို ဝါသနာပါတဲ့သူတွေအတွက်လည်း အကြံပြုစကားပြောခဲ့ပါတယ်။
“ကျနော့်လိုပဲ တကယ်ရူးသွပ်တဲ့သူ၊ ဒီလောကကို စဝင်တဲ့သူပဲဖြစ်ဖြစ်၊ ကြိုးစားနေတဲ့သူပဲဖြစ်ဖြစ် အချိန်ယူပြီးတော့ သေချာလေးစဉ်းစားဖို့ လိုပါတယ်။ ဒီလောကက အောင်မြင်ဖို့လည်းခက်သလို၊ ကျရှုံးဖို့ကလည်းလွယ်တယ်။ တကယ်လည်း ဒီဟာကို စိတ်နှစ်ထားလည်း ဘယ်လောက်ထိ ဝါသနာပါလဲ၊ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် လက်ခံနိုင်လားပေါ့”
“ကျနော်ဆိုရင် ဒီအလုပ်တွေ စမလုပ်ခင် နိုင်ငံခြားမှာ ကျနော့်ရဲ့ဝင်ငွေနဲ့ အဆင်ပြေတယ်လို့ ပြောလို့ရတယ်။ ဒီလိုင်းကို စလိုက်ပြီးမှ ဝင်ငွေတွေလည်း ရပ်သွားတယ်။ ဘာမှလည်း မရှိတော့ဘူး။ ကိုယ့်ရဲ့ရှိတာတွေတောင် ပြုတ်လာတာ မနည်းတော့ဘူးပေါ့။ အရင်က ကားရှိတယ်။ အခု ကားမရှိတော့ဘူးပေါ့။ အဲ့လိုမျိုးတွေ ကြုံရတယ်”လို့ ဒါရိုက်တာ အောင်ချမ်းလူက ပြောပါတယ်။
ဆက်လက်ပြီး “ဒါတွေကို ကိုယ်ကသာ ခံနိုင်ရည် ရှိပေမယ့် ကိုယ့်ကိုမှီခိုနေတဲ့ မိသားစု ရှိတယ်။ သူတို့တွေရော ကိုယ်နဲ့ခံနိုင်ပါ့မလားဆိုတာ သေချာလေး စဉ်းစားစေချင်တယ်။ တခုကို လုပ်မယ်ဆိုရင်တော့ သေချာလေးဇောက်ချပြီး လုပ်ဖို့ လိုအပ်တယ်။ အခက်အခဲတွေ၊ ကြုံတွေ့ရမယ့် ပြဿနာတွေ၊ ဝင်ငွေပြဿနာပဲဖြစ်ဖြစ်၊ ထိုးနှက်ချက်တွေပဲဖြစ်ဖြစ်၊ ဝေဖန်တိုက်ခိုက်တာပဲဖြစ်ဖြစ် ခံနိုင်ရည်ရှိဖို့ လိုအပ်တယ်”
“ဒါတွေကို ခံနိုင်ရည်ရှိရဲ့လား ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဒါကိုဆက်လုပ်ဖို့ စိတ်ကူးရှိရဲ့လားဆိုတာ သေချာလေး ပြန်သုံးသပ်စေချင်တယ်။ သေချာရင်တော့ ချပါ။ မသေချာဘဲနဲ့ လိမ်ပြီးတော့ ဝင်လာမှာကြောက်ပါတယ်။ လိမ်ပြီးတော့ ဝင်လာရင် ဒီလောကထဲမှာပဲ ကျနော့်ရှေ့မှာ ကျနော့်ပတ်ဝန်းကျင်မှာပဲ ပျက်စီးသွားတာတို့ ဘဝပျက်သွားတာတော့ တွေ့ရတဲ့အတွက် သေချာလေး စဉ်းစားစေချင်ပါတယ်”လို့ ပြောပါတယ်။
ဒါရိုက်တာ အောင်ချမ်းလူကတော့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရဲ့ “3H Art Academy” ကျောင်းဆင်းတဦးဖြစ်ပြီး ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) နဲ့အတူ တွဲဖက်ဒါရိုက်တာ အဖြစ်လည်း ရုပ်ရှင်၊ဗီဒီယို ဇာတ်ကားများ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။
“ကျနော့် အဘက ပန်တော်မူ ဦးအောင်ကျင်ဆိုပြီးတော့ ဆရာဦးကြီးမြင့်တို့၊ ဦးအောင်မြင့်တို့နဲ့ အရင်က ဓာတ်ပုံအငြိမ် ရိုက်တာကိုး။ အိမ်မှာ ဦးအောင်မြင့်တို့ဘာတို့နဲ့ ဇာတ်လမ်းတွေ လာစဉ်းစားရင် အဲ့ကတည်းကိုက နောက်ကနေ လိုက်တွေးပြီး စဉ်းစားမိတယ်။ အဲ့ကတည်းက စိတ်ပါလာတယ်”
“အခြေအနေ အရပ်ရပ်ကြောင့် ကျနော် ဒူဘိုင်းမှာ အလုပ်သွားလုပ်တယ်။ ၂၀၁၀ လောက်ကတည်းက အခြေခံ ဓာတ်ပုံသင်တန်းတွေ ဖွင့်တယ်။ အလုပ်ကအားတဲ့ အချိန်ပေါ့။ ၂၀၁၁ မှာ မြန်မာပြည်ပြန်ရောက်တယ်။ ဓာတ်ပုံအလင်းအမှောင် သင်တန်းတွေ တက်တယ်”
“၂၀၁၂ လောက်မှာ ဆရာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ဆီမှာ သင်တန်း ဆက်တက်တယ်။ အဲဒီကနေပဲ ဆရာမောင်မျိုးမင်းနဲ့ပဲ သူ့ရဲ့ရိုက်ကွင်းတွေမှာ လေ့လာဖြစ်တယ်။ သူနဲ့ တွဲဖက် ဒါရိုက်တာအဖြစ် လုပ်ဖူးတယ်။ နောက်ပြီး အွန်လိုင်းကနေ နိုင်ငံခြားသွားစရာ မလိုဘဲ ကုန်ကျစရိတ် နည်းနည်းနဲ့ သင်တန်းတွေ တက်ဖြစ်တယ်။ အချိန်ပြည့်ကတော့ စာအုပ်တွေ ရုပ်ရှင်တွေကပဲ လေ့လာတာ ပိုများပါတယ်”လို့ ဒါရိုက်တာ အောင်ချမ်းလူက ပြောပါတယ်။
Myanmar Micro Film Festival ပြိုင်ပွဲကိုလည်း ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တို့မှာ ပြိုင်ပွဲဝင်ခဲ့ရာ ၂၀၁၆ ခုနှစ်မှာ “မေမေ့ထံသို့ပေးစာ” ဇာတ်လမ်းနဲ့ ပရိသတ် အကြိုက်ဆုံးဆုကို ရရှိခဲ့ပါတယ်။
“ဖန်တီးတာကတော့ အများကြီး။ တကယ် ထဲထဲဝင်ဝင် ပြိုင်ပွဲဝင်ဖြစ်တာက ၂၀၁၅ ခုနှစ်မှာ Micro Film ပေါ့။ အဲ့မှာ ကျနော် “ကူးစက်တတ်သည်” ဆိုတဲ့ ဇာတ်ကားနဲ့ ပြိုင်တယ်။ ၂၀၁၆ မှာ ထပ်ပြိုင်တယ်။ “မေမေ့ထံသို့ပေးစာ” ဆိုတဲ့ ဇာတ်ကားနဲ့ ထပ်ပြိုင်တယ်။ People’s Choice Award ရတယ်”
“နောက်ပြီးတော့ ဦးမျိုးမင်းနဲ့အတူ တွဲဖက်ဒါရိုက်တာအဖြစ် ၆ ကား၊ ၇ ကားလောက် ရှိမယ် ရိုက်ဖြစ်တယ်။ ပြီးတော့ ဗီဒီယိုကားတွေ ရိုက်ဖြစ်တယ်။ “လူကြီးလူကောင်းများ” ရိုက်တယ်။ အခု “၃ (က)” ကတော့ ပထမဆုံး ရုပ်ရှင်ကားကြီးပေါ့” လို့ ဒါရိုက်တာ အောင်ချမ်းလူက ပြောပါတယ်။
သူ့ရဲ့ ပထမဆုံးရုပ်ရှင် ဇာတ်ကားဖြစ်တဲ့ “၃(က)” ရုပ်ရှင်ဇာတ်ကားဟာလည်း ရုံစတင်ခါစမှာ လာရောက်ကြည့်ရှုသူ နည်းပါးခဲ့ပေမယ့် သွားရောက် ကြည့်ရှုခဲ့သူများရဲ့ ရီဗျူးများကြောင့် ပရိသတ်ရင်ထဲ ရသတခုပေးတဲ့ ရုပ်ရှင်ကားတကား ဖြစ်ခဲ့ပါတယ်။
You may also like these stories:
“မြက်နု” ဇာတ်ကားမှာ အသက်အရွယ်နဲ့ လိုက်ဖက်အောင် သရုပ်ဆောင်ထားတဲ့ နေတိုး
ပြတ်ဆဲပြီးနောက် သူငယ်ချင်းအဖြစ် နေထိုင်ကြတဲ့ ကမ္ဘာကျော်များ