Captain Marvel ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းကို ဖန်တီးနေပြီလို့ သိရပါတယ်။ WandaVision စီးရီး ဇာတ်ညွှန်းဆရာ Megan McDonnell ရဲ့အဆိုအရ မင်းသမီး Brie Larson သရုပ်ဆောင်ထားတဲ့ ဒုတိယမြောက် ရုပ်ရှင်အတွက် ဇာတ်ညွှန်းကို ရေးသားပေးဖို့အတွက် သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ နောက်ဆုံး စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်။
Marvel စတူဒီယိုကတော့ Captain Marvel 2 အတွက် အမျိုးသမီး ဒါရိုက်တာ တဦးကို ရှာဖွေနေတယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီရုပ်ရှင်ကို ၂၀၂၂ ခုနှစ်မှာ ပြသဖို့ ရည်မှန်းထားတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပေမယ့် “Captain Marvel” ရုပ်ရှင်ကို ရေးသား ရိုက်ကူးခဲ့တဲ့ Anna Boden နဲ့ Ryan Fleck တို့ကတော့ ဒုတိယမြောက် ရုပ်ရှင်မှာ ပြန်လည် ပါဝင်လာနိုင်မယ့်ပုံမှာ မရှိပါဘူး။ ဒါပေမဲ့ သူတို့ နှစ်ယောက်ဟာ Disney+ ကနေ ထုတ်လွှင့်မယ့် စီးရီးတခုအတွက် ဒါရိုက်တာအဖြစ် တာဝန်ယူကြပေးမယ်လို့လည်း ဆိုပါတယ်။
အခုနောက်ဆက်တွဲ ရုပ်ရှင်မှာ ဘယ်သူပါဝင် သရုပ်ဆောင်မလဲဆိုတာကို မသိရသေးပေမယ့် မင်းသမီး Larson ရဲ့ အဆိုအရ သူနဲ့ MCU မှာ ရှိတဲ့ မင်းသမီးတွေ အားလုံးဟာ အမျိုးသမီးတွေသာ ပါဝင်တဲ့ ရုပ်ရှင်တခုကို ဖန်တီးဖို့ ကိစ္စနဲ့ ပတ်သက်လို့ Kevin Feige ထံ ပြောဆိုထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
Carol Danvers အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီး Larson က “Marvel ထဲက အမျိုးသမီးသရုပ်ဆောင်တွေ အားလုံးဟာ Kevin ဆီကို သွားပြီးတော့ ကျမတို့ အတူတူ ရှိနေတယ်။ ကျမတို့ကို ဒါကို လုပ်ချင်တယ်ဆိုပြီး ပြောခဲ့တယ်။ ကျမက Marvel ရဲ့ အနာဂတ်အတွက် တာဝန်တော့ ရှိမနေပါဘူး။ ဒါပေမဲ့ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေက သူတို့ ဆန္ဒရှိတယ်လို့ ပြောလာမယ်ဆိုရင်တော့ တကယ်ဖြစ်လာမယ်လိမ့်မယ်လို့ ထင်ပါတယ်” လို့ ပြောဆိုထားဖူးပါတယ်။
“Captain Marvel 2” ရုပ်ရှင်နဲ့ ပတ်သက်လို့ အသေးစိတ်ကို မသိရသေးပေမယ့် အဲ့ဒီရုပ်ရှင်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာပြုလုပ်ခဲ့တဲ့ San Diego Comic-Con မှာ Feige က ပြောဆိုထားပြီး ဖြစ်ပါတယ်။
Feige က “Black Panther 2 ရုပ်ရှင်တို့ ဖန်တီးနေပြီလို့ ကျနော်တို့ ပြောမထားပါဘူး။ Guardians of the Galaxy 3 ရုပ်ရှင်လာမယ်လို့လည်း ပြောမထားပါဘူး။ Captain Marvel 2 ရုပ်ရှင်နဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ အချိန်မရှိသေးပါဘူး။ စကားမစပ် The Fantastic Four ရုပ်ရှင်အတွက် ဆွေးနွေးဖို့ အချိန်လည်း မရှိသေးပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
Ref:www.asiaone.com
You may also like these stories:
Doctor Strange ဒါရိုက်တာ နုတ်ထွက်ခဲ့ခြင်းအပေါ် အံ့အားသင့်ခဲ့ကြရတဲ့ Marvel ပရိသတ်များ
Marvel စတူဒီယိုမှာ ‘Deadpool 3’ ရုပ်ရှင်ရိုက်ကူးနေပြီလို့ Ryan Reynolds အတည်ပြုပြော
စူပါဟီးရိုးရုပ်ရှင်ကို The Russo Brothers နဲ့အတူ လက်တွဲ ရိုက်ကူးတော့မယ့် Keanu Reeves