ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဂရမ်မီဆုပေးပွဲမှာ ဆယ်ကျော်သက်အရွယ် အဆိုတော် Billie Eilish က သူ့ရဲ့ “Bad Guy” လို့ခေါ်တဲ့ Single သီချင်းနဲ့ ထိပ်တန်းဆုကြီး ၄ ခုထဲက တခုဖြစ်တဲ့ တနှစ်တာအတွက် “အကောင်းဆုံး သီချင်းဆု” ကို ရရှိသွားခဲ့တယ်လို့ သိရပါတယ်။
အသက် ၁၈ နှစ်အရွယ် အဆိုတော် Eilish ရဲ့ “When We All Fall Asleep, Where Do We Go?” ပေါ့ပ်အယ်လ်ဘမ်ဟာ Taylor Swift ရဲ့ “Lover” အယ်လ်ဘမ်ကို ကျော်တက်ပြီး အကောင်းဆုံး ပေါ့ပ်အယ်လ်ဘမ်ဆုကို ရရှိခဲ့ပါတယ်။
အဆိုတော် Eilish က “ဒီဆုနဲ့ တခြားသီချင်းတွေကလည်း ထိုက်တန်ပါတယ်။ ကျမ ကျေးဇူးအရမ်းတင်တယ်လို့ ပြောချင်ပါတယ်။ ဒီမှာရှိနေတာကိုလည်း အရမ်းဂုဏ်ယူမိပါတယ်။ ရှင်တို့ကို ကြည့်ရှုနေခဲ့ပြီး ကြီးပြင်း လာခဲ့ရတာပါ” လို့ ဆိုပါတယ်။
Eilish နဲ့ မျက်နှာသစ်အဆိုတော် Lizzo, Lil Nas X တို့ဟာ ၃ နာရီခွဲလောက် တိုက်ရိုက် ထုတ်လွှင့်ခဲ့တဲ့ အဲ့ဒီဆုပေးပွဲမှာ အကောင်းဆုံး အယ်လ်ဘမ်၊ အကောင်းဆုံး အသံသွင်းယူမှုနဲ့ အကောင်းဆုံး မျက်နှာသစ်အဆိုတော်ဆုအတွက် ထိပ်တိုက် တွေ့ခဲ့ကြပါတယ်။
ဂရမ်မီဆုပေးပွဲကို လော့စ်အင်ဂျလိစ်မြို့မှာရှိတဲ့ Staples Center မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဆုပေးပွဲ ကျင်းပမယ့် မနက်ခင်းမှာပဲ ရဟတ် ယာဉ်ပျက်ကျမှုမှာ ကွယ်လွန်ခဲ့တဲ့ NBA အကျော်အမော် Kobe Bryant အတွက် ဝမ်းနည်းစကား ဆိုခဲ့ပါတယ်။
ဆုပေးပွဲ တင်ဆက်သူ အဆိုတော် Alicia Keys က “ကျမတို့ဟာ Kobe Bryant တည်ဆောက်ခဲ့တဲ့ ဒီအိမ်ထဲမှာ နှလုံးထိခိုက်ကြေကွဲစွာ မတ်တပ်ရပ်နေကြပါတယ်။ ဒီလိုမျိုး ဆုပေးပွဲမျိုးကို စတင်နိုင်မယ်လို့ လွန်ခဲ့တဲ့ နှစ် ၁ သန်းလောက်က ကျမကို မထင်မှတ်ခဲ့ကြပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။
အဆိုတော် Lizzo က ဆန်ခါတင်ဆု ဝင်ထားတဲ့ဆု ၈ ဆုထဲက ၃ ဆုကို ရရှိခဲ့ပါတယ်။ ဆုပေးပွဲမှာတော့ အဆိုတော် Grande က “7 Rings” နဲ့ “Imagine” သီချင်းတို့ အပါအဝင်ဆန်ခါတင်ဆု စာရင်းဝင်ခဲ့တဲ့ “Thank u, Next” အယ်လ်ဘမ်ထဲက သီချင်းတွေကို ဖျော်ဖြေခဲ့ပါတယ်။
Blake Shelton နဲ့ ဇနီးလောင်း Gwen Stefani တို့ဟာလည်း “Nobody But You” လို့ခေါ်တဲ့ ပူးတွဲ အချစ်သီချင်း တပုဒ်ကို သီဆိုခဲ့ကြသလို အဆိုတော် Camila Cabello ကလည်း “First Man” သီချင်းကို သီဆိုခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဆေးအလွန်အကျွံ သုံးစွဲမှုတွေကြောင့် ဂီတလောကနဲ့ အလှမ်းဝေးနေခဲ့တဲ့ အဆိုတော် Demi Lovato ကတော့ ဆုပေးပွဲကြီးတခုမှာ ပထမဆုံး ဖျော်ဖြေမှုကို ပြန်လည်စတင်နိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ မတ်တပ်ရပ် လက်ခုပ်တီးအားပေးတာကို ခံခဲ့ရပါတယ်။
ဂရမ်မီဆုရရှိသူတွေကို Recording Academy ကရွေးချယ်တာဖြစ်ပြီး အဲ့ဒီ အကယ်ဒမီအဖွဲ့ဟာ အမှုဆောင်ချုပ် Deborah Dugan ထွက်သွားပြီးတဲ့နောက်ပိုင်းဆန်ခါတင်ဆု စာရင်းထုတ်ပြန်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ပဋိပက္ခတွေ ရှိခဲ့တဲ့ကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဖွဲ့ကတော့ အဲ့ဒီ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။