ဒီနှစ် အကယ်ဒမီ ရွှေကြို ရွေးချယ်ပွဲမှာ အကဲဖြတ်ဒိုင်တဦးအဖြစ် ပါဝင်တဲ့ သရုပ်ဆောင် ဆုပန်ထွာက ဒိုင်အဖြစ် ပါဝင်ဖြစ်ပုံကို အခုလိုပဲ ပြောပါတယ်။
“ရွှေကြိုမှာ ဒိုင်အဖြစ်ပါဝင်ဖို့ မပန်ကို အစည်းအရုံးက ပြောတာပေါ့နော်။ ရွှေကြိုတွေလည်း အများကြီးလာလျှောက်ကြတယ်။ မပန်ထင်တာ ဒီနှစ် ရွှေကြိုက အိုက်တင်တွေပါ စစ်မယ်၊ လုပ်ခိုင်းမယ်ပေါ့။ အမှတ်ပေး စည်းမျဉ်းလေးတွေလည်း မပန်တို့ကို ပြောထားတယ်။ ရွှေကြိုဆိုတာလည်း မပန်တို့ အနုပညာလောကရဲ့ ပထမဆုံခြေလှမ်းဖြစ်တဲ့အတွက် ဘယ်သူမဆို မျှော်လင့်ချက်တော့ ရှိမှာပဲ”
“ငါပါရရင် ကောင်းမှာပဲ။ စင်မြင့်ပေါ်မှာ ပါရရင် ကောင်းမယ်ဆိုတဲ့ ရည်မှန်းချက်လေးတွေ ရှိမှာပဲ။ လူအရမ်းများတယ်။ ဒိုင်လည်း အရမ်းများတော့ အကောင်းဆုံးလေးတွေတော့ ထွက်လာလိမ့်မယ်လို့ မပန် ထင်ပါတယ်။ အနုပညာရှင်ဖြစ်ဖို့ဆိုတာလည်း တယောက်တည်း ကြိုးစားနေလို့ မရဘူး။ အားလုံးဝိုင်းဝန်းကူညီမှ ရမယ်။ ကလေးတွေ အောင်မြင်ဖို့အတွက် မိသားစုတွေက ဝိုင်းဝန်းကူညီပေးကြပါ”လို့ ဆုပန်ထွာက ပြောပါတယ်။
ယခုနှစ် ရွှေကြိုကို Voting စနစ်နဲ့ ရွေးချယ်မယ့်အပေါ် မမှန်ကန်ဘူး ခံစားရတယ်လို့လည်း ဆုပန်ထွာက ဆိုပါတယ်။
“Voting လည်းပါတယ် ပြောတယ်။ Voting က တကယ်တမ်းတော့ မမှန်ကန်ဘူးလို့ ခံစားရတယ်။ ပိုက်ဆံနဲ့ ဆိုင်သွားတာပေါ့။ ပိုက်ဆံများများ Vote နိုင်တဲ့သူက ဆုရသွားတာ။ တကယ့်အရည်အချင်း မဟုတ်ဘူးလို့ မပန်ကတော့ ထင်တယ်။ တကယ် ဆိုနိုင်တယ်၊ အိုက်တင် လုပ်နိုင်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ Voting က ၆၀ ရာခိုင်နှုန်း၊ ဒိုင်တွေက ၄၀ ရာခိုင်နှုန်းလို့တော့ ပြောတယ်။ မပန် မလုပ်ချင်ဘူး။ မလုပ်ချင်ဘူးဆိုတာက ဒိုင်တွေ ပေးတဲ့သူကို ပေးမှာလား၊ ပေးမယ်ဆိုရင်တော့ ဒိုင်လုပ်ဖြစ်တယ်”လို့ ဆုပန်ထွာက ပြောပါတယ်။
မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ မျက်နှာဖုံးရှင်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတဲ့ ဆုပန်ထွာကတော့ တီဗီကြော်ငြာ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားများစွာလည်း ရိုက်ကူးခဲ့ပါတယ်။ သရုပ်ဆောင် ဆုပန်ထွာကတော့ “သေလောက်အောင် ချစ်တယ်” ဆိုတဲ့ တကိုယ်တော် တေးစီးရီးလည်း ထွက်ရှိထားပါတယ်။
You may also like these stories:
“မြက်နု” ဇာတ်ကားမှာ အသက်အရွယ်နဲ့ လိုက်ဖက်အောင် သရုပ်ဆောင်ထားတဲ့ နေတိုး
“ကိုယ့်ယုံကြည်မှုက လူအများ လက်ခံဖို့လိုတယ်”လို့ ဝင်းမင်းသန်း ပြော
မိသားစု ဝမ်းရေးအတွက် သီချင်းဆိုနေတဲ့ အလှမယ် သင်းသင်း