လွန်ခဲ့တဲ့ နှစ်ပိုင်းကစတင်ကာ ခေါက်ရိုးကျိုးနေတဲ့ မြန်မာဇာတ်ကားများကို အားမလို အားမရ ဖြစ်နေတဲ့ ပရိသတ်များ၊ ပြည်သူများကြားမှာ “မြန်မာပေါကားတွေ ရပ်” ဆိုတဲ့ စကားစု ပေါ်ထွက်လာခဲ့ပြီး ဆိုရှယ်မီဒီယာများမှာလည်း အပြင်းအထန် ဝေဖန်လာကြတာကို တွေ့ရပါတယ်။
အဆိုပါ စကားစုကို ခေါင်းစဉ်တပ်ကာ ဒါရိုက်တာ မိုက်တီးက ၂၀၁၆ ခုနှစ်မှာ နာမည်ကြီးသရုပ်ဆောင်များနဲ့ သူတို့ရဲ့ မိသားစုပိုင် ထုတ်လုပ်ရေးမှ ရုပ်ရှင်ဇာတ်ကားတကားအဖြစ် ဖန်တီးခဲ့ပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင် ကျော်သူ၊ လူမင်း၊ ပြေတီဦး၊ နေမျိုးအောင်၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ အရိုင်း၊ ကျော်ထူး၊ ခင်လှိုင်၊ ဇာဂနာ စတဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။
“မြန်မာပေါကားတွေ ရပ်” ရုပ်ရှင်ကားကို ဘာကြောင့် ရိုက်ကူးခဲ့လဲဆိုတာနဲ့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်များရဲ့စကားသံများကို ဖော်ပြပေးလိုက်ပါတယ်။
ဒါရိုက်တာ မိုက်တီး
ရုံတင်ရင် ရင်တုန်ရတာပေါ့။ ကိုယ်လုပ်ထားတာလေးတွေမှာ ပရိသတ်ရင်ထဲ ရောက်ပါ့မလား၊ စိတ်ထဲဝင်ပါ့လား၊ ကိုယ်ပျော်စေချင်သလို သူတို့ပျော်ပါ့မလား ဆိုတာကို ရင်တုန်တယ်။ ဝေဖန်တာနဲ့ ပတ်သက်ပြီးတော့ သိပ်ပြီးတော့လည်း များများစားစား မဟုတ်ပါဘူး။ အဲဒါကလည်း ခဏခဏ ဖြစ်နေပြီ။ အများကြီးလည်းဖြစ်နေပြီ။ ကြာလည်းကြာပြီဆိုတော့ စိတ်ထဲ မထားတော့ပါဘူး။ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ပဲ အကောင်းဆုံးဖြစ်အောင် လုပ်တာပါ။ ဒီကားနာမည်ကလည်း ရုပ်ရှင်လောကအကြောင်းလေးကိုပဲ ရိုက်ထားတာ။
ရိုက်ဖို့ရေးနေတုန်းမှာပဲ “မြန်မာပေါကားတွေရပ်” ဆိုတဲ့ စကားကလည်း ခေတ်စားလာတော့ အဲဒါလေးကို ယူသုံးလိုက်တာ ကြော်ငြာပြီး သားဖြစ်တာပေါ့။ ဒီထဲမှာပါတဲ့ မင်းသား၊ မင်းသမီးတွေ အကုန်လုံးက ကိုမိုက်တို့ မိသားစုနဲ့ အရမ်းရင်းနှီးတဲ့သူတွေချည်းပဲ။ သူမျာတွေဆိုရင်တောင် ဒီလောက်လုပ်နိုင်ဖို့ရာ မလွယ်ဘူး။ ငွေရေးကြေးရေးအရလည်း မလွယ်ဘူး၊ လူစုဖို့လည်း မလွယ်ဘူး။ အားလုံးနဲ့ မိသားစုလို ဖြစ်နေတော့ ဝိုင်းကူကြတာပေါ့။
ပြေတီဦး
ဒီကားလေးက ဟာသရသကိုလည်း ပေးပါတယ်။ ဒီလောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လူတွေရဲ့သဘောသဘာဝလေးကိုလည်း သရော်တဲ့ သဘောမျိူးနဲ့ ထင်ဟပ်စေတယ်ဆိုတော့ ရသ၂ မျိုး ခံစားရပြီးတော့ ကြည့်တဲ့သူတွေလည်း အမောအပန်း ပြေပြီးတော့မှ ပျော်စရာကောင်းတဲ့ကား ဖြစ်မှာပါ။
ကိုမိုက်ရဲ့ကားလေးတွေကလေ ပုံမှန်ဟာသ ဆိုတာထက် အပြင်လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေခံအကြောင်းတရားပေါ်မှာမှ သရော်တဲ့ သဘောလေးတွေ ရိုက်ထားတာဆိုတော့ ကြည့်ရှုစရာလေးတွေ၊ မှတ်သားစရာလေးတွေ သဘောပေါက်စရာလေးတွေ ပါတယ်လေ။
ကျနော်က အဲ့လိုဟာသမျိုးတွေကို ပိုကြိုက်နှစ်သက်တယ်။ ပရိသတ်လည်း ကြိုက်မယ်ထင်ပါတယ်။ “မြန်မာပေါကားတွေ ရပ်”ဆိုတဲ့ ဇာတ်ဝင်ခန်းလည်း ပါပါတယ်။ အဲဒါကြောင့် ဒီကားနာမည်လေး ပေးဖြစ်တယ်လို့ ထင်တာပဲ။ ရည်ရွယ်ချက်ကိုတော့ ဒါရိုက်တာကပဲ တိတိကျကျ ပြောနိုင်မှာပေါ့။
အရိုင်း
ကျနော်ရယ်၊ ကိုခင်လှိုင်ရယ်၊ ကိုကျော်ထူးရယ် ၃ ယောက်က ရုပ်ရှင်လောကမှာ ပြဿနာတခုဖြစ်ပြီ ဆိုရင် ပုံမှန်စဉ်းစား မတွေးခေါ်ကြဘဲနဲ့ ကိုယ့်မှာရှိတဲ့ ဉာဏ်လေး တထွာတမိုက်နဲ့ ဖြေရှင်းပြီးတော့ “ငါပြောတာ၊ ငါလုပ်တာ ငါတင်ပြတာက ဟုတ်ပြီ”ဆိုပြီး ထင်ရာလုပ်နေကြတဲ့သူ ၃ ယောက်နေရာက သရုပ်ဆောင်ရတာပါ။
ပေးထားတဲ့နာမည်ကိုက “မြန်မာပေါကားတွေ ရပ်” ဆိုတဲ့ နာမည်ကို ပေးထားတယ်။ ဒီလိုပေးထားတယ်ဆိုတာကလည်း ဆိုရှယ်မီဒီယာမှာရော၊ မြန်မာတနိုင်ငံလုံးမှာရော “ပေါကားများရပ်” ဆိုပြီးတော့ “ဒီကောင်တွေ ရိုက်ရင် ပေါကားတွေပါကွာ”ဆိုပြီး ပြောကြတဲ့ လူတစု ရှိတာကို ဒီဟာကိုဘာဖြစ်လို့ ဒီလိုမျိုး ပြောကြပါလိမ့်လို့ အံ့သြသင့်ရပါတယ်။ ဒါကတော့ ပရိသတ်ပဲလေဆိုပြီးတော့ ထင်ခွင့်ပြောခွင့် ရှိပါတယ်လေ။
ပြန်ကြည့်တဲ့အခါမှာ ကျနော်တို့ဆီမှာ လောကမျိုးစုံ ရှိကြပါတယ်။ အဲဒီလောကတွေမှာ သူတို့ အခက်အခဲတွေနဲ့ သူတို့ ရှိကြတယ်။ ဒါတွေကို မြန်မာနိုင်ငံမှာရှိတဲ့ လူတစုက ဘာလို့ နားမလည်နိုင်ကြတာလဲ။ လူဆိုတာ ကိုယ်ချင်းစာပေးရမှာပေါ့။ “သြော် သူတို့မှာလည်း သူတို့ အခက်အခဲ ရှိမှာပေါ့။ ငါတို့မှာလည်း ငါတို့အခက်အခဲရှိတာပေါ့” ဆိုတဲ့ စိတ်လေးတွေ ထားတတ်ရင် ဒီလို ပြဿနာလေးတွေ ဖြစ်မလာဘူးဆိုတဲ့ အကြောင်းအရာလေးတွေကို ထင်ဟပ်ပြီး သရော်တဲ့ပုံစံ ရိုက်ထားတဲ့ ဇာတ်ကားလေးပါ။
ဆုပန်ထွာ
ခေါင်းစဉ်ကလည်း တကယ်ကိုပဲဟာ။ မပန်တို့ကျတော့ သရုပ်ဆောင် မင်းသမီးလည်း ဖြစ်တဲ့အခါကျတော့ အိုက်တင်ပိုင်းဆိုရင် ရယ်စရာကို အတင်းကြီး လုပ်နေတာလား။ တကယ် ရယ်ရတာလားဆိုတာကို တော်ရုံတန်ရုံကား၊ ရယ်ရတဲ့ကားဆိုရင် ကြည့်ချင်တယ်။ ဟာသကားကို ရယ်ချင်တယ်။ စိတ်လွတ်ကိုယ်လွတ် ပျော်ချင်တယ်။ တကယ်တမ်းသွားကြည့်တော့ ရယ်လည်း မရယ်ရဘူး။ ကိုယ်တိုင်ပြန်ခဲ့ရတဲ့ကားတွေ အများကြီးရှိတယ်။ တကယ်ကိုပဲ ၁၅ မိနစ်လောက်ပဲ ကြည့်ပြီး ထပြန်လာခဲ့ရတာ ၂ ကားလောက် ရှိပြီ။
ကိုယ်တိုင်လည်း ရုပ်ရှင်တွေ အများကြီးရိုက်ရတဲ့သူ မဟုတ်တော့ဘူး။ ဒါပေမဲ့လည်း သွားကြည့်လိုက်ရင် ဒီလိုမျိုးလေး ရယ်ချင်တယ်။ ဒီမြန်မာပေါကားတွေရပ် ဆိုတာကတော့ ကိုမိုက်က အဓိပ္ပာယ်ရှိရှိ ပေးထားတဲ့နာမည်ပေါ့။ အားလုံးလည်း ဒီလိုဖြစ်စေချင်တာပဲ။ ကားကောင်းလေးတွေ ထွက်စေချင်တယ်။
ပရိသတ်ကလေ အမှန်တကယ်ကလေ ဒီဖက်ခေတ်မှာ ဒါပဲချပြရင် ဒါပဲကြည့်မယ့်လူတွေ မဟုတ်တော့ဘူး။ ပရိသတ်က အဆင့်မြင့်လာပြီ။ သူတို့ရဲ့စိတ်ဓာတ်တွေက အဆင့်မြင့်လာပြီ။ ဝေဖန်နိုင်တယ်၊ ပိုင်းခြားနိုင်တဲ့ခေတ်ကို ရောက်လာပြီ။ မပန်တို့ဆို ဒီလိုသရုပ်ဆောင်ဆို သရုပ်ဆောင်ပေးရုံပဲ။ ဒါရိုက်တာတွေ ပရိုဂျူဆာတွေပေါ်မှာ မူတည်တယ်။ ကားကောင်းတွေ ထုတ်ရိုက်ဖို့ လိုပါတယ်။
“မြန်မာပေါကားတွေ ရပ်” ရုပ်ရှင်ကားကြီးကိုတော့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။
You may also like these stories:
“မြန်မာပေါကားတွေရပ်” ရုပ်ရှင်ပိုစတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေတဲ့ ဒါရိုက်တာ ဉာဏ်ထင်
“မြက်နု” ဇာတ်ကားမှာ အသက်အရွယ်နဲ့ လိုက်ဖက်အောင် သရုပ်ဆောင်ထားတဲ့ နေတိုး
“ဝါရင့် ရုပ်ရှင်ဖန်တီးသူတိုင်းက ကျေးဇူးမကင်းဘူး”လို့ ဒါရိုက်တာ အောင်ချမ်းလူ ပြော