ဇာတ်လမ်းတွဲတွေမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ နေခြည်ရွှန်းလဲ့က သရုပ်ဆောင် ဝါသနာပါသလို သီချင်းဆိုတာလည်း ဝါသနာပါတယ်လို့ ဆိုပါတယ်။
“လတ်တလောမှာတော့ ပွဲတက်တွေ ရှိတယ်။ ၂ လပိုင်းမှာ စီးရီးတွဲလေး ပြန်ရိုက်ဖို့ရှိတယ်။ ဇာတ်လမ်း တွဲတွေရိုက်ရင် ကာရိုက်တာတွေကတော့ မတူဘူး။ ကာရိုက်တာအတွက် ရွေးချယ်ခွင့် မရှိသေးဘူး။ အတတ်နိုင်ဆုံး ရတဲ့ ကာရိုက်တာပေါ်မှာ စိတ်နှစ်ပြီးတော့ ကြိုးစားပါတယ်”
“သရုပ်ဆောင် ဝါသနာပါသလို၊ သီချင်းဆိုတာလည်း ဝါသနာပါတယ်။ အိမ်မှာတော့ သီချင်းနားထောင်၊ သီချင်းဆိုဖြစ်တယ်။ သီချင်းကို ဝါသနာအရပဲ ဆိုတာ။ အခွေတော့ မလုပ်ဖြစ်သေးဘူး။ အသံ အရမ်းကောင်းတာ မဟုတ်တဲ့အတွက် ဝါသနာအရပဲ ဆိုဖြစ်သွားမှာပါ”လို့ နေခြည်ရွှန်းလဲ့က ပြောပါတယ်။
သရုပ်ဆောင် နေခြည်ရွှန်းလဲ့ကတော့ အလုပ်တွေ ကြိုးစားနေရတာဖြစ်လို့ အချစ်ရေးနဲ့ ပတ်သက်ပြီး မစဉ်းစားတော့ဘူးလို့ ဆိုပါတယ်။
“မချစ်တတ်တာ မဟုတ်ဘူး၊ ချစ်တတ်ပါတယ်။ အခုတော့ ချစ်သူ မရှိသေးပါဘူး။ အခုချိန် နေခြည့်ဘဝမှာ မိသားစု၊ အလုပ်၊ ပရိသတ်တွေက အဓိက အရေးပါဆုံးပါပဲ။ ချစ်တတ်တယ်။ ကိုရီးယားဇာတ်ကားတွေ ကြည့်ပြီး ကိုရီးယား မင်းသားတွေကို ချစ်တတ်တယ်။ အလုပ်ကိုပဲ ဦးစားပေးလုပ်ချင်တဲ့အတွက် အပြင်ကလူတွေကို သိပ်မမြင်ဘူး၊ အလုပ်ကိုပဲ မြင်တယ်။ ဘယ်လိုပုံစံမျိုးကို သဘောကျသလဲဆိုတော့ နေခြည်ထက် အရပ် ရှည်ရမယ်။ အဓိက သစ္စာရှိဖို့၊ မိန်းကလေး တယောက်ကို အော်တာတို့၊ နိုင်ထက်စီးနင်းလုပ်တဲ့ ယောကျ်ားလေး မဟုတ်ရင် ရပါပြီ”
“အိမ်ထောင်ပြုမယ် ဆိုရင်တောင်မှ နောက်ထပ် ၁၀ နှစ်ကျော်ပေါ့။ နေခြည့်အသက် ၃၀ လောက်မှ အိမ်ထောင်ပြုဖို့တော့ စဉ်းစားထားတယ်။ နေခြည်က အပျိုကြီးတယောက်လိုပဲ နည်းနည်း ဇီဇာကြောင်တယ်။ အပျိုကြီးတော့ မဖြစ်ချင်ဘူး။ အသက်ကြီးလာရင် အိမ်မှာ တယောက်တည်းနေ နေရမှာလေ။ ဆေးပေး မီးယူပေါ့။ တကယ်လို့ ချစ်သူရှိလာရင်လည်း လက်ထပ်မယ်။ မရှိဘူးဆိုရင်တော့ ကိုယ့်ရဲ့ ပရိသတ်တွေ၊ ကိုယ့်ရဲ့ အနုပညာအလုပ်တွေ လုပ်ရင်းနဲ့ပဲ ဖြတ်သန်းသွားရမှာပေါ့” လို့ နေခြည်ရွှန်းလဲ့က ပြောပါတယ်။
သရုပ်ဆောင် နေခြည်ရွှန်းလဲ့ကတော့ ၂၀၁၆ အကယ်ဒမီ ပေးပွဲမှာ ရွှေကြိုအနေနဲ့ ပါဝင်ခဲ့ဖူးပြီး “ပုဂံမြို့သူ” ဇာတ်လမ်းတွဲကနေတဆင့် ပရိသတ် အားပေးမှုကို စတင်ရရှိခဲ့တာပါ။ အဲဒါပြီးနောက် MRTV-4 ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “မျက်လုံးမှာလွမ်း နှုတ်ခမ်းမှာမာန” ရုပ်သံဇာတ်လမ်းတွဲမှာ ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်ခဲ့ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့သူ ဖြစ်ပါတယ်။
You may also like these stories:
ပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများ ဆက်တိုက် ရုံတင်ဖို့ရှိတဲ့ မေမြင့်မိုရ်
“အခုချိန်မှာ အနုပညာအလုပ်တွေကိုပဲ အားစိုက်နေတယ်” လို့ ခင်ဝင့်ဝါ ပြော
“နှင်းဆီ” ဇာတ်လမ်းတွဲမှာ ပရိသတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့တဲ့ ခေးဆက်သွင်