အနုပညာအလုပ်တွေကို ကြိုးစား လုပ်ကိုင်နေတဲ့ သရုပ်ဆောင် ညိမ်းသော်ကတော့ အချစ်ရေးမှာ အသက်ငယ်တဲ့သူတွေကို စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။
“အခုနောက်ပိုင်း မမတွေလည်း မကြိုက်တော့ဘူး။ ရွယ်တူတွေဆိုရင်လည်း အချစ်ရေးမှာ အဆင်မပြေလို့ ငယ်တာလေးတွေကို ချစ်နေတယ်။ သူတို့က ပိုချစ်ဖို့ကောင်းတယ်။ ကိုယ်ကလည်း ဆိုးတာကို ခံချင်တယ်။ ကိုယ်လည်း အသက်ရလာတော့ ငယ်တာလေးတွေ ပိုကြိုက်နေတယ်။ အချစ်မှာ အသက်အရွယ်ကတော့ အဓိက မကျပါဘူး။ ဒါပေမဲ့ အခုတော့ ကိုယ့်ထက်ငယ်တဲ့သူပဲ ထားမယ်။ သူလည်း ချစ်တယ်၊ ကိုယ်လည်း ချစ်တယ်ဆိုရင် ပိုပြီး အချစ်က ပြည့်စုံတာပေါ့”လို့ ညိမ်းသော်က ပြောပါတယ်။
ဆက်လက်ပြီး ညိမ်းသော်က အချစ်ရေးနဲ့ ပတ်သက်ရင် အတ္တကြီးပြီး အချစ်ကြီးတဲ့သူပါလို့ ဆိုပါတယ်။
“အချစ်ကိုတော့ အများကြီး အဓိပ္ပာယ်ဖွင့်လို့ရတယ်။ ကျနော်ကတော့ သူ့ကို အလိုလိုက်မယ်။ သူဘာဖြစ်ချင်လဲ၊ ဖြည့်ဆည်းပေးချင်တယ်။ အဲဒါက ကျနော့် အချစ်ပါပဲ။ အချစ်တော့ ကျနော်က အတ္တကြီးတယ်။ တအားချစ်ပြီဆိုရင် ကျနော့် အနားမှာပဲ ရှိစေချင်တယ်။ ဘယ်သွားသွား၊ ဘယ်လာလာ အမြဲ သတိရစေချင်တယ်။ ကိုယ်ကလည်း တအား အချစ်ကြီးတဲ့သူမို့လို့။ ဒါပေမဲ့ အခုတော့ ကျနော် အလုပ်ကိုပဲ ကြိုးစားနေတယ်”လို့ ညိမ်းသော်က ဆိုပါတယ်။
လတ်တလော အနုပညာ လှုပ်ရှားမှုတွေ အကြောင်းကိုလည်း ညိမ်းသော်က အခုလိုပဲ ပြောပြပါတယ်။
“လတ်တလောမှာတော့ Only Me ဇာတ်ကားလေး ရိုက်ဖို့ရှိတယ်။ ကြော်ငြာရိုက်ဖို့တွေ ရှိတယ်။ ပွဲတက်ဖို့ ရှိပါတယ်။ Only Me ဇာတ်ကားမှာတော့ အချစ်ရော၊ ဒရာမာရော ပါမယ်။ ကျနော်နဲ့ ခင်ဝင့်ဝါ၊ တိုင်ရွန်၊ ထက်ထက်ထွန်းတို့ ပါမယ်။ အဲ့ကားမှာ ကျနော်က မျက်မမြင်ကာ ရိုက်တာ သရုပ်ဆောင်ရမှာ။ မျက်မမြင်ကျောင်းတွေ သွားတယ်။ သူတို့ နေတာထိုင်တာတွေ သွားလေ့လာသလို အိမ်ရောက်ရင်လည်း လုပ်ကြည့်တယ်”
“ကျနော့် ဇာတ်ကားတွေလည်း ရုံတင်ဖို့ ရှိပါတယ်။ အသစ်တယောက် ဖြစ်တဲ့အတွက် ဇာတ်ရွေးချယ်ပိုင်ခွင့် မရှိသေးပါဘူး။ ဒါပေမဲ့ ကိုယ့်အတွက် အနုပညာတခုကျန်ရင်၊ ဒါမှမဟုတ် နေရာတခုရမယ့် ဇာတ်မျိုးဆို လက်ခံရိုက်ကူး ဖြစ်ပါတယ်။ အားပေးကြပါ”လို့ ညိမ်းသော်က ပြောပါတယ်။
သရုပ်ဆောင် ညိမ်းသော်ဟာ အနုပညာလောကထဲကို မော်ဒယ်တယောက်အနေနဲ့ စတင် ဝင်ရောက်ခဲ့ပြီး၊ “ည” ၊ “ရင်ခွင်ရှင်းတမ်း” စတဲ့ ဇာတ်ကားများနဲ့ ပရိသတ် အားပေးမှုကို ရရှိထားပါတယ်။
You may also like these stories:
ဗီလိန်ဇာတ်ရုပ်တွေ ရိုက်ကြည့်ချင်တဲ့ သရုပ်ဆောင်ညိမ်းသော်
အကယ်ဒမီ ရွှေကြို ရွေးချယ်ပွဲမှာ ဒိုင်အဖြစ် ပါဝင်ဖြစ်ပုံကို ပြောပြတဲ့ ဆုပန်ထွာ
သရုပ်ဆောင် ဝါသနာပါသလို သီချင်းဆိုလည်း ဝါသနာပါတဲ့ နေခြည်ရွှန်းလဲ့