ဇန်နဝါရီလ ၂၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလစ်မြို့မှာ ကျင်းပခဲ့တဲ့ ဂရမ်မီဆုပေးပွဲမှာ ဆုတွေ အများကြီးကို သိမ်းပိုက်သွားခဲ့သူ အသက် ၁၈အရွယ် မိန်းကလေးကတော့ Billie Eilish ပဲ ဖြစ်ပါတယ်။
အစ်ကိုဖြစ်သူနဲ့ သီချင်းတွေ တွဲဖက်ပြီး လုပ်လေ့ရှိတဲ့ Billie ရဲ့ ဆုရရှိမှုဟာ လူငယ်တွေအတွက် အားဖြစ်စေခဲ့တာ သေချာနေပါတယ်။ အရွယ်နဲ့ မလိုက်တဲ့ အောင်မြင်မှုတွေ ရရှိထားတဲ့ Billie Eilish အကြောင်း သိကောင်းစရာတွေကို ဖော်ပြပေးချင်ပါတယ်။
Billie ရဲ့ မိဘတွေဟာ သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းရေးဆရာတို့ ဖြစ်ပြီး နှစ်ဦးလုံးဟာ ဂီတသမားတွေ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာမှာ မွေးဖွားတဲ့ Billie ကို သူ့ရဲ့ မိခင်ဟာ ကျောင်းမထားဘဲ အိမ်မှာပဲ ပညာသင်စေခဲ့တာပါ။ အစိုးရကျောင်းရော၊ ပုဂ္ဂလိကကျောင်းပါ မတတ်ဖူးတဲ့ Billie နဲ့ သူ့အစ်ကိုကို သူတို့ရဲ့ မိခင်က ငယ်စဉ်ကတည်းက ဂီတအခြေခံပညာနဲ့ သီချင်းရေးနည်းတွေကို သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
Billie ရဲ့ မိဘနှစ်ပါးလုံးဟာ သူတို့မောင်နှမ နှစ်ယာက်ကို လုပ်ချင်တဲ့ အနုပညာအလုပ်ကို လုပ်ဖို့ သင်ကြားပေးခဲ့ပြီး သီချင်းသီဆိုနည်းနဲ့ အကသင်တန်းတွေ ကိုယ်တိုင်ပေးခဲ့ပါတယ်။ အသက် ၈ နှစ် အရွယ်မှာ Billie ဟာ Los Angeles Children’s Chorus အဖွဲ့မှာ ပါဝင်ပြီး အနုပညာလုပ်ငန်းတွေကို စတင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ “Ocean Eyes” ဆိုတဲ့ သီချင်းကို စတင်ရေးဖွဲ့သီဆိုခဲ့ပြီး နောက်ပိုင်းမှာ အကဆရာမရဲ့ အကူအညီ တောင်းမှုကြောင့် အကအဖွဲ့အတွက် သီချင်ေးတွ ဆက်ပြီး ရေးသားခဲ့ပါတယ်။ ခပ်ပွပွ အဝတ်အစားတွေနဲ့ တမူ ထူးခြားတဲ့ ဖက်ရှင်ဒီဇိုင်းတွေကြောင့် လူအများရဲ့ သတိထားခြင်းကို ခံခဲ့ရတဲ့ Billie ဟာ Youtube မှာ သီချင်တွေ တင်ပြီး ပရိသတ် ရလာခဲ့ပါတယ်။
“သူများတွေ သတိထားခံရေအောင် နေရတာကို သဘောကျတယ်။ ကျမကို ကြည့်လိုက်တာနဲ့ အမြဲ အမှတ်ရနေတာမျိုးကို ဖြစ်စေချင်တယ်”လို့ သူ့ရဲ့ ဝတ်စားပုံနဲ့ ပတ်သက်ပြီး Billie က သတင်းထောက်များကို ဖြေကြားခဲ့ဖူးပါတယ်။
Billie ဟာ အိမ်မှာ မိခင်ဖြစ်သူရဲ့ ပညာသင်ကြားခြင်းကိုသာ ခံဖူးသူဖြစ်ပြီး အာရုံကြောရောဂါနဲ့ စိတ်ကျရောဂါတွေကို ခံစားနေရတယ်လို့ အင်တာဗျူးတွေမှာ ဖြေကြားဖူးပါတယ်။ သက်သတ်လွတ်စားသူ ဖြစ်တာကြောင့် သူ့ရဲ့ ပရိသတ်များကိုလည်း သက်သတ်လွတ်စားဖို့ တိုက်တွန်းလေ့ရှိသူ ဖြစ်ပါတယ်။
အခွေ တခွေထွက်ထားတဲ့ Billie Eilish ဟာ ၂၀၂၀ ခုနှစ် ဂရမ်မီဆုပေးပွဲမှာ “Album of the Year”, “Best Pop Vocal Album”, “Song of The Year” နဲ့ “Best New Artist” ဆုတို့ကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ “Herself” ဆိုတဲ့ အခွေဟာUK Chart မှာ လပေါင်းများစွာ နံပါတ် ၁ နေရာကို ရရှိခဲ့တာကြောင့် UK Chart မှာ စာရင်းဝင်တဲ့ ကမ္ဘာ့ အသက်အငယ်ဆုံး အမျိုးသမီး အဆိုတော်အဖြစ် ဂင်းနစ်စံချိန် တင်ခဲ့ပါတယ်။
ဇန်နဝါရီလ ၂၆ ရက်နေ့က ကျင်းပတဲ့ ဂရမ်မီဆုပေးပွဲကို သီချင်းအတူတူ လုပ်လေ့ရှိတဲ့ အစ်ကိုဖြစ်သူနဲ့ တက်ရောက်ခဲ့ပြီး ဆုယူအပြီးမှာ “အိမ်မှာနေပြီး သီချင်းလုပ်တဲ့ လူငယ်တွေဟာ ဂရမ်မီလို ခမ်းနားကြီးကျယ်တဲ့ ဆုမျိုးကို ရနိုင်တယ်”ဆိုတဲ့ စကားကြောင့် လူငယ်အနုပညာရှင်တွေရဲ့ ချီးကျူးခြင်းကို ခံနေရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Ref. nytimes.com, CNN
You may also like these stories:
ဂရမ်မီဆုပေးပွဲမှာ တနှစ်တာအတွက် အကောင်းဆုံးသီချင်းဆု ရရှိခဲ့တဲ့ Billie Eilish
ဂရမ်မီဆုပေးပွဲမှာ ဝတ်ခဲ့ဖူးတဲ့ ဝတ်စုံနဲ့ ရှိုးလျှောက်ခဲ့တဲ့ ဂျန်နီဖာလိုပက်ဇ်