Entertainment

“ဘယ်သူတွေ တိုက်ခိုက်တိုက်ခိုက် ပြုံးပြုံးလေးပဲ နေတယ်”လို့ နေဒွေး ပြော

သရုပ်ဆောင် နေဒွေးကတော့ ရည်းစားဟောင်းကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်လို့ သတင်းတွေမှာ ဝေဖန် တိုက်ခိုက်ခံနေရသူပါ။ ဘယ်သူတွေ ဘယ်လိုပဲ တိုက်ခိုက်တိုက်ခိုက် ပြုံးပြုံးလေးပဲ နေတယ်လို့ နေဒွေးက ဆိုပါတယ်။

“ကျနော့်ကို ဘယ်သူပဲ တိုက်ခိုက်တိုက်ခိုက် ကျနော်က ပြုံးပြုံးလေးပဲ။ တိုက်ခိုက်တဲ့သူတွေကို ပိုကျေးဇူးတင်တယ်။ အခုချိန်မှာ အနုပညာအလုပ်ကို တစိုက်မတ်မတ် လုပ်တယ်။ Night Out တွေလည်း မထွက်တော့ဘူးဆိုတာ တိုက်ခိုက်သူတွေကြောင့်။ တိုက်ခိုက်တဲ့သူတွေ မရှိဘူးဆိုရင် ကျနော် အနုပညာအလုပ် သေချာမလုပ်ဘဲ ဆိုးနေဦးမှာ။ ကျနော် ဇာတ်ကားတွေကို ပြီးစလွယ်တွေ ရိုက်ခဲ့တယ်။ ဇာတ်တွေ သေချာ မဖတ်ဘူး။ ဖြစ်သလို လုပ်ခဲ့တာတွေ ရှိတယ်”

“တိုက်ခိုက်တဲ့သူတွေ ရှိတော့ ဒါတွေက အားဖြစ်သွားပြီး အချိန်မီ ပြန်ပြင်ဆင်နိုင်တယ်။ အဲ့အတွက် အခု အလုပ်တွေ အများကြီး လုပ်ရတယ်။ အခုချိန်မှာ အိမ်မှာ နေတယ်။ ကာရိုက်တာတွေအတွက် ပြင်ဆင်တယ်။ အလုပ်အတွက်ပဲ အချိန်ပြည့် စဉ်းစားနေတယ်”လို့ နေဒွေးက ပြောပါတယ်။

“ကိစ္စတော်တော်များများ အမေနဲ့ သိပ်မတိုင်ပင်ဖြစ်ဘူး။ ဘာလို့လဲဆို ကျနော့်ကြောင့် စိတ်မဆင်းရဲစေချင်ဘူး။ ကိုယ်ဖြစ်တာ ကိုယ်ခံရမှာပဲလေ။ အမေကလည်း ယုံကြည်မှု ရှိတာကြောင့် အမေ့ ယုံကြည်မှု ရပြီးသားပါ။ အချစ်ကို ကြောက်တာတော့ မရှိပါဘူး။ လောလောဆယ်တော့ အလုပ်ကို ပိုဦးစားပေးနေတယ်” လို့ နေဒွေးက ဆိုပါတယ်။

မီဒီယာ အင်တာဗျူးတွေမှာ စာရွက်ကိုင်ဖြေမိတာနဲ့ ပတ်သက်ပြီး စကားမှားသွားမှာစိုးလို့ပါလို့ နေဒွေးက ဆိုပါတယ်။

“ကျနော် အင်တာဗျူးမှာ စာရွက်ကြည့်ဖြေတာ အလွတ်ဖြေလို့ မရဘူး။ ကျနော်က စည်းနဲ့ဘောင်နဲ့ စကားပြောရတော့မှာဆိုတော့ ဒါတွေက မှတ်တမ်းတွေ ဖြစ်သွားမှာဆိုတော့ ကျနော် တခုခု စကားမှားသွားခဲ့ရင် အဲ့ဒါတွေက တဖက်အတွက် ထောက်စရာ ဖြစ်သွားလိမ့်မယ်။ အဲ့အတွက် ကျနော် ရှေ့နေနဲ့ တိုင်ပင်ပြီး စာရွက်မှာ ချရေးပြီး ပြောခဲ့တာပါ”

“နောက်တဖက်သား ဂုဏ်သိက္ခာကိုလည်း ထိခိုက်လို့ မရဘူး။ ကျနော်ကလည်း အလုပ်အရမ်းများတော့ ဒီချိန်မှာ စာရွက်စာတမ်းနဲ့ပြောတာ အကောင်းဆုံးပဲ။ သူ့ဘက်က တရားစွဲရင် ကျနော်ဘက်ကလည်း ပုဒ်မ ၄ ခုလောက်နဲ့ တရားပြန်စွဲမယ်။ တချက်လိုသွားတာလည်း ရှိမှာစိုးတယ်။ ပိုသွားတာလည်း ရှိရင် မကောင်းတာကြောင့် အခုလို စာရွက်ကိုင် ဖြေကြားတာက ကျနော့်အတွက် ပိုပြည့်စုံတယ်”လို့ နေဒွေးက ပြောပါတယ်။

လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့ခဲ့တဲ့ ရည်းစားဟောင်းဖြစ်သူရဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး နေဒွေးရဲ့ iCloud ဟက်ခံရတယ်ဆိုတဲ့အပေါ်လည်း အခုလိုပဲ ရှင်းပြခဲ့ပါတယ်။

“ကျနော် စာရွက်ကိုင်ပြီးပြောတာ အဲ့တချက် ကျန်သွားတယ်။ ကျနော် ပြောချင်တာ တချို့က နားလည်ကြတယ်။ iCloud ကို Recover လုပ်သွားတာ။ ကျနော်ရဲ့ User name နဲ့ Password ကို သိတဲ့သူက Recover လုပ်လို့ ရတယ်လေ။ ဖုန်းနဲ့ ပတ်သက်ရင် ကျွမ်းကျင်မှု မရှိဘူး။ ကျနော့်ကို တိုက်ခိုက်ချင်တဲ့သူတွေက လွယ်တယ်။ အဲ့တချက်တောင် စာရွက်ထဲမှာ ထည့်မရေးလိုက်တာ။ အခုလို ဝေဖန်မှုတွေ ဖြစ်တာပေါ့”လို့ နေဒွေးက ပြောပါတယ်။

သရုပ်ဆောင် နေဒွေးဟာ အခုလက်ရှိမှာ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေသူ ဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း လက်ခံ ရိုက်ကူးသွားဖို့ ရှိတယ်လို့ နေဒွေးက ဆိုပါတယ်။

You may also like these stories:

ဗီလိန်ကာရိုက်တာနဲ့ ရဲကားမှာ ပါဝင် သရုပ်ဆောင်မယ့် နေဒွေး

၆၆ ဃနဲ့ တရားစွဲဆိုထားတဲ့ သရုပ်ဆောင်နေဒွေးရဲ့ အမှုကို စိတ်ဝင်စားမှု များပြားနေ

Loading