ဝါရင့် ဇာတ်ပို့ သရုပ်ဆောင်တဦးဖြစ်တဲ့ အေးသီတာက ဇာတ်ပို့ သရုပ်ဆောင်တွေကို အကယ်ဒမီပေးမယ်ဆိုတဲ့အတွက် ဝမ်းသာတယ်လို့ ဆိုပါတယ်။
“ဒီနှစ် အကယ်ဒမီက ဇာတ်ပို့ဆို ဇာတ်ပို့ အစစ်ကိုပဲပေးမယ်လို့ သိရတော့ ကောင်းတာပေါ့။ ကျမတို့ဆိုလည်း အကယ်ဒမီ တအားလိုချင်တာပဲ။ အရင်တုန်းက အကယ်ဒမီကို အဲ့လောက် မမျှော်မှန်းပါဘူး။ တူတွေ၊ တူမတွေက အကယ်ဒမီလည်း မရဘူးပြောတော့ နည်းနည်းတော့ အားငယ်လာတာပေါ့။ အဖေ မသေခင်ကလည်း အကယ်ဒမီရုပ်လေး ယူပေးချင်ခဲ့တာ။ ကိုယ့်ဆီကို အခွင့်အရေးကလည်း မရောက်လာဘူး။ အကယ်ဒမီ ရောက်နိုင်လောက်တဲ့ ဇာတ်ရုပ်လည်း မရောက်လာဘူး”
“တကယ်တမ်း ဇာတ်ပို့နေရာ ကျတော့လည်း မင်းသမီးတွေ ရိုက်တော့ ကိုယ်တွေက မရဘူး။ ကိုယ်တွေလည်း လိုချင်တာပေါ့။ တခါတုန်းက နဝရတ် အကယ်ဒမီ မရတော့ ဘာလို့ မရတာလဲပေါ့။ အကယ်ဒမီ ဘုတ်အဖွဲ့မှာပါတဲ့ ဒါရိုက်တာက ပြောပြတော့မှ နားလည်သွားတယ်။ ပရိသတ်ကိုလည်း သူတို့ နားလည်အောင် ပြောပြနိုင်ရင် အပြစ်တင်တာ လျော့သွားနိုင်တယ် ထင်တယ်။ အခုလို ဇာတ်ပို့ အစစ်တွေကိုပဲ အကယ်ဒမီပေးမယ်ဆိုတော့ ပျော်တယ်။ ကိုယ်တွေအတွက် မျှော်လင့်ချက် ရှိလာနိုင်တယ်”လို့ အေးသီတာက ပြောပါတယ်။
အကယ်ဒမီမှာ အရင်နဲ့ မတူဘဲ ပြောင်းလုပ်ကိုင်နေတဲ့အပေါ် ဇာတ်ပို့ သရုပ်ဆောင် အေးသီတာက အစည်းအရုံးက လူကြီးတွေက ပိုကောင်းမယ်ဆိုပြီး လုပ်ကြတာဖြစ်ပါလိမ့်မယ်လို့ ဆိုပါတယ်။
“ကျမကို ရွှေကြိုရွေးချယ်ပေးဖို့ အစည်းအရုံက ဦးဝင်းမြိုင်က ဖုန်းဆက်ပေမယ့် မကိုင်ဖြစ်လိုက်ဘူး။ ကျမကလည်း ပြန်မဆက်မိတော့ မခေါ်တော့ဘူးထင်ပြီး မသွားဘူး။ အဲ့ဒါနဲ့ မပါဝင်ဖြစ်သွားတာပေါ့။ အခု ရွှေကြိုတွေကို Voting စနစ်နဲ့ ရွေးချယ်တာလည်း ကောင်းပါတယ်။ ပွင့်လင်းမြင်သာမှုရှိရင်တော့ ပိုကောင်းမှာပေါ့။ ကိုယ့်ထက်သိတဲ့ အစည်းအရုံးက လူကြီးတွေက ပိုကောင်းမယ်ဆိုပြီး လုပ်ကြတာ ကောင်းဖို့တွေပဲ ဖြစ်လာမှာပါ”
“ကိုယ်တွေက အကြံဉာဏ်လည်း မပေးတတ်ဘူး။ တခုနဲ့တခု အကူးအပြောင်းမှာတော့ အလွဲဆိုတာလည်း ရှိတတ်တယ်။ ပရိသတ်နဲ့ အံ့ဝင်ခွင်ကျ မဖြစ်တာတွေလည်း ရှိတတ်တာပေါ့။ ပိုကောင်းအောင် ကြိုးစားတာ အခက်အခဲတွေတော့ ရှိမယ်ထင်ပါတယ်။ အခုလူကြီးတွေ ပြောင်းလဲပြီး လုပ်တာတွေကို ကြိုဆိုတယ်”လို့ အေးသီတာက ပြောပါတယ်။
သရုပ်ဆောင် အေးသီတာက လတ်တလော အနုပညာ လှုပ်ရှားမှုအနေနဲ့ “ရပ်ကွက်ကြီး (၅)” ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ရှိတယ်လို့ သိရပါတယ်။
You may also like these stories:
“သရုပ်ဆောင်ပိုး ပေါ်လာရင် မျိုသိပ်ထားရတယ်”လို့ ပန်းဖြူ ပြော
“အဖေနဲ့သားများ ဇာတ်ကားက ကျနော့် ဘဝအစပါပဲ” ဆိုတဲ့ နေဆန်း
ဗီဒီယိုဇာတ်ကားတွေ ပျက်သုဉ်းနေပြီလို့ ပြောတဲ့အတွက် စိတ်မကောင်းဖြစ်နေတဲ့ ဂွမ်းပုံ