ကိုရီးယားနွယ်ဖွား အမေရိကန်မင်းသား Steven Yeun၊ ဝါရင့်မင်းသမီးကြီး Youn Yuh-jung နဲ့ မင်းသမီး Han Ye-ri တို့ပါဝင်ထားကြတဲ့ “Minari” ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Sundance ရုပ်ရှင်ပွဲတော်မှာ ကြည့်ရှုသူတွေရဲ့ မတ်တပ်ရပ် လက်ခုပ်တီးအားပေးတာကိုခံခဲ့ရတယ်လို့ သိရပါတယ်။
Utah ပြည်နယ်မှာရှိတဲ့ Park City မှာ ဇန်နဝါရီလ ၂၃ ရက်နေ့ကနေ စလို့ ၄ ရက်ကြာ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ပွဲတော်ကတော့ မြောက်အမေရိကမှာရှိတဲ့ အင်ဒီနဲ့ မှတ်တမ်းရုပ်ရှင်ပွဲတော်တွေထဲမှာ အကြီးဆုံးပွဲတော် တခုလည်း ဖြစ်ပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက အမေရိကန်ကျေးလက်ဒေသတခုကို တောင်ကိုရီးယားကနေ ပြောင်းရွှေ့ခဲ့ကြတဲ့ မိသားစုတခုအကြောင်း ဇာတ်အိမ်တည်ထားတဲ့ “Minari” ရုပ်ရှင်မှာ မင်းသား Yeun နဲ့ မင်းသမီး Han တို့ဟာ ကိုရီးယားနွယ်ဖွား မိဘတွေအဖြစ် သရုပ်ဆောင်ထားပြီး ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်ဖို့ အဆင်မပြေဖြစ်ခဲ့ ပြီးတဲ့နောက် အာကန်ဆတ်ပြည်နယ်မှာရှိတဲ့ လယ်တောတခုမှာ အခြေချဖို့ ဖြစ်လာခဲ့တာပါ။
ကိုရီးယားနွယ်ဖွား အမေရိကန်စာရေးဆရာ-ဒါရိုက်တာ Lee Isaac Chung ရဲ့ ကိုယ်ပိုင် ဝတ္ထုကို အခြေခံထားတဲ့ အဲ့ဒီရုပ်ရှင်ဟာ ပထမမျိုးဆက်နယ်မြေရွှေ့ပြောင်းလာသူတွေရဲ့ ရင်ဆိုင်ရုန်းကန်ခဲ့ရတဲ့ အခြေအနေတွေကို ပုံဖော်ထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်လည်း ဖြစ်ပါတယ်။
Sundance ရုပ်ရှင်ပွဲတော်ရဲ့ US Dramatic Competition ကဏ္ဍမှာ ပွဲဦးထွက်ပြသခဲ့တဲ့ အဲ့ဒီရုပ်ရှင်ဟာ အမေရိကန် ရုပ်ရှင် ၁၅ ကား နဲ့အတူနောက်ဆုံး အဆင့်ကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဖအေတူ အမေကွဲ အစ်ကို ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံရမှု အကြောင်း မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ “Assassins” ကတော့ အဲ့ဒီရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ နောက်ထပ် ကိုရီးယား ရုပ်ရှင်ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဗီယက်နမ်နိုင်ငံသူ Doan Thi Huong နဲ့ အင်ဒိုနီးရှားနိုင်ငံသူ Siti Aisyah တို့ဟာ ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်မှာ အာရုံကြောထိခိုက်စေတဲ့ အဆိပ်နဲ့ တိုက်ခိုက်ပြီး ကင်ကိုသေဆုံးစေခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်အတွက် ရုပ်ရှင်ကားတို ဆုရှင်တွေကို ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ကြေညာတော့မှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ သီးသန့်ရုပ်ရှင်ဆုရှင်တွေကို ကြေညာမှာဖြစ်ပါတယ်။
Ref: koreaherald
You may also like these stories:
အသက် ၁၈ နှစ်မှာ ဂရမ်မီ ဆုပေါင်းများစွာ ရရှိခဲ့တဲ့ အဆိုတော် Billie Eilish အကြောင်း
Transformers ရုပ်ရှင်အသစ် ၂ ကား စတင်ဖန်တီးနေပြီ
အမီရာခန်းရဲ့ တောင်းဆိုမှုကြောင့် ရုပ်ရှင် ဖြန့်ချိမယ့်ရက်ကို ရွှေ့ဆိုင်းပေးခဲ့တဲ့ အရှေးကူမား