ဝါရင့်ဟာသသရုပ်ဆောင်တဦးဖြစ်တဲ့ အရိုင်းကတော့ ပရိသတ်များရယ်မောပျော်ရွှင်စေဖို့ ဟာသများပြောတဲ့အခါမှာ အဆိပ်အတောက်မဖြစ်ရအောင် ဝါတွေ ၊ သဘာတွေနဲ့ ထိန်းရသလို စာဖတ်တဲ့အကျိုးတွေ အများကြီးပါတယ်လို့ ပြောပါတယ်။
“ဝါနဲ့သဘာနဲ့ထိန်းရသလို အဓိကကတော့ စာဖတ်တဲ့အင်အားပေါ့။ ဘယ်လိုအကြောင်းအရာတွေက ပရိသတ်ကို ထိခိုက်စေနိုင်သလဲ ဘယ်လိုအကြောင်းအရာတွေက ပရိသတ်ကိုမတော်တရော် ပြောမိစေလဲဆိုတာကို စာပေတွေ ဖတ်ရင်းကနေရလာတဲ့ အသိဉာဏ်တွေနဲ့ ပိုင်းဖြတ်ပြီးတော့ဆောင်ရွက်ရတာပါ။ အကြောင်းအရာမျိုးစုံကို ဖတ်ရှုပြီး ကောင်းတာလေးတွေ ရွေးချယ်ပြီးပရိသတ်ကိုဖော်ပြရတာပါ။ ဝါနဲ့သဘာနဲ့လည်းဆိုင်ပေမယ့် အဓိကကစာဖတ်တာပါ” လို့ အရိုင်းကပြောပါတယ်။
ပရိသတ်ကို လေးစားတဲ့အနေနဲ့ ရုတ်တရက်ပြောတဲ့စကားများမှာ ညစ်ညမ်းတဲ့စကားများပါသွားမှာကို ဆင်ခြင်ရတယ်လို့ ဆိုပါတယ်။
“ကျနော်တို့လူရွှင်တော်တယောက်အနေနဲ့ဆိုရင် ကျနော်တို့လုပ်ဆောင်ရတဲ့လူရွှင်တော်တွေ တတ်အပ်တဲ့ပညာတွေကို နှစ်ပေါင်းများစွာကြိုးစားပမ်းစားနဲ့ အပတ်တကုတ်ကြိုးစားလာခဲ့တာဟာ ဒီအချိန်အခါမှာထုတ်ပြီးတော့ အသုံးချခွင့်ရတယ် ပေါ့။ ပရိသတ်ကိုအများကြီးလေးစားရတာလည်းပါတယ်။ ရုတ်တရက်ပြောလိုက်တဲ့စကားတောင်မှ မပြောသင့်တဲ့ စကားတွေ ပါသွားမှာ။ ညစ်ညမ်းတဲ့စကားတွေပါသွားမှာ စသဖြင့်ဆင်ခြင်ပြီးတော့မှ လုပ်ရတယ်” လို့ အရိုင်းက ပြောပါတယ်။
ဆက်လက်ပြီး “လူ့စိတ်ဆိုတာက ပြောလို့ရတာ မဟုတ်ဘူးလေ။ တခါတလေကျရင် ထိန်းလို့ရတာရှိတယ်။ တခါတလေ ကျရင်ထိန်းလို့မရတာရှိတယ်။ အဲဒါတွေအပေါ်မှာ အများကြီးသတိထားပြီးတော့ ကျနော်တို့က အကောင်းဆုံးဖြစ်အောင် အလှအပဆုံးစကားလုံးထွက်ပြီး ရယ်မောသွားဖို့ရာ လူတယောက်အတွက်တော်တော်တာဝန်ကြီးပါတယ်။ တမင်လုပ်ယူနေတာလို့လည်း ပရိသတ်ကိုမမြင်စေချင်ဘူး။ ပေါ့ပေါ့ပါးပါးပေါ့”
“ စိတ်လွတ်လက်လွတ်နဲ့သဘောကျနှစ်ခြိုက်ပြီးတော့ ရယ်ရတဲ့အနေအထားမျိုးရောက်အောင် အဲဒီစိတ်ကို ကျနော်တို့ရင်ထဲမှာ ဖန်တီးထားရတာ အနုပညာရှင်တွေအတွက် တအားခက်ပါတယ်။ အဲဒါလေးကို ပရိသတ်ကိုသိစေချင်တာပါ” လို့ ပြောပါတယ်။
လက်ရှိ TV မှာထုတ်လွှတ်ပြသလျက်ရှိတဲ့ The Mask Singer Myanmar မှာ ဆယ်လီစုံထောက်တယောက်အနေနဲ့ ပါဝင်ထားပြီး ဟာသရှုထောင့်မှ ပရိသတ်ကိုရယ်မောပျော်ရွှင်စေဖို့ ဖန်တီးရတယ်လို့ သိရပါတယ်။
“The Mask Singer မှာဆိုရင် တချို့နေရာလေးတွေဆိုရင် ကျနော်တို့က ရယ်စရာရှုထောင့်နေကြည့်တာပါ။ တချို့ဆို ကျနော်နဲ့တကယ်သိတဲ့သူတွေ ပါတာပဲလေ။ တကယ်မသိတဲ့သူတွေလည်း ပါတာပါပဲ။ သို့သော်မသိတဲ့ဟာကို မသိဘူးကွာလို့ တည့်ပြောတာထက်စာရင် ရယ်စရာမောစရာအနေနဲ့ ပြောတဲ့အခါကျရင် ပရိသတ်က သူမသိပေမယ့်လည်း မသိတဲ့အကြောင်းနဲ့ပြီးမသွားဘဲ ရယ်စရာအနေနဲ့ ကျန်ရစ်ခဲ့အောင် တခြားအကြောင်းအရာလေးတွေနဲ့ လွှဲပြီးတော့ ပြောရတာရှိပါတယ်” လို့ အရိုင်းကပြောပါတယ်။
အဆိုပါ အစီအစဉ်ကတော့ ပရိသတ်ကို ဖျော်ဖြေမှုရသ ၉၀ရာခိုင်နှုန်းခန့်ပေးတာဖြစ်တဲ့အတွက် တချို့မျက်နှာဖုံးအောက်မှာ လူများကိုသိသော်လည်း ဟာသနဲ့ရောစပ်ကာလွှဲပြောင်းရတာတွေရှိတယ်လို့ သိရပါတယ်။
“ကျော်ထူးဆိုတဲ့လူကိုသိနေပြီပဲဟာ သူ့ကို မသိစရာအကြောင်း မရှိဘူးလေ။ ဒါပေမယ့်လည်း ကျော်ထူးကိုလည်း စချင်တယ်။ ပရိသတ်အနေနဲ့လည်း မထင်မှတ်တဲ့ရှုထောင့်ကနေပြီးတော့ ကျနော်ပြောတဲ့စကားလေးကိုရယ်စေချင်တယ် အဲဒါနဲ့ ချက်ချင်းစဉ်းစားရတယ်”
“ ဟိုဘက်ကလူတွေပြောတဲ့အချိန်မှာ ငါသူ့ကိုဘယ်လိုအကောင်းဆုံးနဲ့ ဒီလူကြီးတော့လုပ်ပြန်ပြီကွာလို့လည်း ဖြစ်အောင် ကိုယ့်အလှည့်လည်းရောက်ရော သူ့ကိုကျနော့်အမြင်ကတော့ ဒေါ်ထားလို့မြင်ပါတယ်လို့ ပြောလိုက်တော့ ပရိသတ်ကိုနည်းနည်းလေးတော့ လှည့်စားလိုက်ရတာပေါ့” လို့ အရိုင်းကပြောပါတယ်။
ဝါရင့်ဟာသသရုပ်ဆောင်တဦးဖြစ်ပြီး အခုအချိန်ထိ ပရိသတ်ကို ရယ်မောပျော်ရွှင်စေတဲ့သူတယောက်အနေနဲ့ ဟာသကိုဝါသနာပါတဲ့လူငယ်များကိုလည်း အခုလိုဝေမျှခဲ့ပါတယ်။
“ကျနော်တို့လိုမျိုး ဝါသနာရှိနေကြတဲ့ ညီ၊ ညီမတွေအကုန်လုံး အပြင်မှာရှိနေကြတဲ့ ကျောင်းသူကျောင်းသားတွေ အထူးသဖြင့်လူငယ်တွေ စာများများဖတ်ကြပါလို့ လေ့လာကြပါ။ ဖတ်ပြီးရင်မှတ်ကြပါ။ စု ၊ တု ၊ ပြုပေါ့။ ကျနော်တို့လည်းဒီအရွယ်အထိလုပ်နေရတုန်းပါပဲ။ အဓိကကတော့ စာပေရဲ့အကျိုးကျေးဇူးတွေ ဒီနေရာမှာ အများကြီးခံစားရတာပါ” လို့ အရိုင်းကပြောပါတယ်။
You may also like these stories:
ရိုက်ထားတဲ့ ရုပ်ရှင်ကားတွေ ရုံတင်ခွင့်မရသေးတာနဲ့ ပတ်သက်လို့ ဒါရိုက်တာစတီးလ်ရဲ့ ခံစားချက်
“ဂျင်းကောင်” ရုပ်ရှင်ဇာတ်ကားအကြောင်း ရှင်းလာတဲ့ ဒါရိုက်တာ ကိုပေါက်