Entertainment

လုပ်ခွင့်ရရင် အနုပညာအလုပ်တွေ လုပ်ချင်တယ်လို့ မြူလင်းကိုကို ပြော

သရုပ်ဆောင်လင်းဇာနည်ဇော်ရဲ့ သမီးဖြစ်သူ မြူလင်းကိုကိုကတော့ အနုပညာမျိုးရိုးကြောင့်ရော ကိုယ်တိုင်လည်း ဝါသနာပါတဲ့သူဖြစ်တာကြောင့် အနုပညာအလုပ်များကို လုပ်ခွင့်ရရင်လုပ်ချင်တယ်လို့ ပြောပါတယ်။

“မြူလင်းကတော့ ဝါသနာပါတော့ အနုပညာအလုပ်ကို လုပ်ခွင့်ရရင် လုပ်ချင်ပါတယ်။ မေမေကတော့ တိုက်တွန်းတာ တော့မရှိဘူး။ အရင်တုန်းကတော့ မလုပ်စေချင်ပေမယ့် အခုကျတော့ အရင်ကထက်စာရင် နည်းနည်းတော့လုပ်ဖို့အတွက် ပံ့ပိုးပေးမယ်ပေါ့” လို့ မြူလင်းကိုကိုကပြောပါတယ်။

သရုပ်ဆောင်ရတာကို ဝါသနာပါတဲ့အတွက် အိမ်က မိသားစုမသိအောင် တယောက်တည်း လေ့ကျင့်တယ်လို့လည်း သိရပါတယ်။

“မြူလင်းကတော့ အိမ်ကလူတွေနဲ့ကျရှက်တော့ ကိုယ့်ဘာသာတယောက်တည်း ရှိတဲ့အချိန်တွေမှာ အခန်းတံခါးပိတ်ပြီး ကျင့်တာမျိုးတို့ ဇာတ်ကားတွေကြည့်တယ်။ မြူလင်းအမေကလည်း သူများရိုက်တဲ့ကားတွေကြည့် ဘယ်ဟာတွေ ကောင်းလဲ သင်ယူလို့ပြောပါတယ်။ မေမေ့ရှေ့မှာတော့ မလုပ်ဘူးရှက်တယ်” လို့ မြူလင်းကိုကိုကပြောပါတယ်။

သရုပ်ဆောင်တာနဲ့ပတ်သက်ပြီး ကာရိုက်တာမျိုးစုံကိုကြိုက်နှစ်သက်ပြီး သရုပ်ဆောင်များစွာဆီကလည်း သင်ယူတယ်လို့ ဆိုပါတယ်။

“မြူလင်းက ကာရိုက်တာမျိုးစုံ ကြိုက်ပါတယ်။ သရုပ်ဆောင်တွေထဲမှာ ကြိုက်တာအများကြီးပဲ။ အကုန်လုံးကသင်ယူရင် သင်ယူစရာအများကြီးပါ” လို့ မြူလင်းကိုကိုကပြောပါတယ်။

မိခင်ဖြစ်သူကတော့ အနုပညာအလုပ်များကို လတ်တလောတော့ မလုပ်ခိုင်းသေးဘဲ စောင့်ကြည့်ပြီးမှသာ လုပ်ခိုင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြူလင်းကိုကို ကိုတော့ လူမှုကွန်ရက်စာမျက်နှာမှာ ဆံပင်ရွှေဝါရောင်ဖြင့် ချစ်စရာကောင်းတယ်ဟုဆိုကာ လူအများရဲ့ ချစ်ခင်မှု ရရှိနေသူဖြစ်ပြီး အဲ့ဒီဆံပင်အရောင်ကိုတော့ လူကြီးတွေက သိပ်မကြိုက်ကြဘူးလို့ သိရပါတယ်။

“မြူလင်းကတော့ ဒီအရောင်လေးကြိုက်တယ်။ ဒါပေမယ့်အိမ်က ဖွားဖွားတို့ လူကြီးတွေကကျတော့ အနက်တို့ ဘာတို့ ပြောင်းစေချင်ကြတယ်။ အိမ်ကိုမပြောဘူး။ အစကလည်းဆိုးဖို့ စိတ်ကူးမရှိဘူး။ ဒီတိုင်းပဲ ဆံပင်ဆိုင်ရောက်သွားတာ” လို့ မြူလင်းကိုကိုက ပြောပါတယ်။

မြူလင်းကိုကိုကတော့ သြစတြေးလျနိုင်ငံမှာရှိတဲ့ The University of Technology မှာ Foundation Course ကို Final Year သင်ကြားနေတာဖြစ်ပြီး လတ်တလောတော့ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိနေတာပဲဖြစ်ပါတယ်။

You may also like these stories:

သမီးဖြစ်သူကို နိုင်ငံခြားမှာ ကျောင်းထားပေးနိုင်တဲ့အပေါ် ပြောပြတဲ့ လင်းဇာနည်ဇော်

‘Matrix 4’ ရုပ်ရှင်မှာ Keanu Reeves နဲ့အတူ ပါဝင်လာမယ့် မင်းသမီး Priyanka Chopra

ဟာသတွေပြောနိုင်ဖို့ စာအုပ်တွေ ဖတ်ရတယ်လို့ ဆိုတဲ့ သရုပ်ဆောင် အရိုင်း

Loading