လာမယ့် ဖေဖော်ဝါရီလထဲမှာ ကျင်းပမယ့် အော်စကာဆုပေးပွဲမှာ ကွယ်လွန်သူ ဘတ်စကက်ဘော စတား Kobe Bryant ကို ဂုဏ်ပြုကြတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့က ကယ်လီဖိုးနီးယား ပြည်နယ်မှာ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အသက် ၁၃ နှစ်အရွယ် သမီးလေး Gianna နဲ့အတူ Kobe ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်အနုပညာနဲ့ သိပ္ပံအကယ်ဒမီက NBA အကျော်အမော် Kobe သေဆုံးမှုကို လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကျင်းပမယ့် ဆုပေးပွဲမှာ အသိအမှတ်ပြုဖို့ ပြင်ဆင်နေတယ်လို့ သတင်း ရင်းမြစ်တွေက ဆိုပါတယ်။
အားကစားပိုင်းဆိုင်ရာ အောင်မြင်မှုတွေသာမက Kobe ဟာ ၅ မိနစ်သာကြာမြင့်တဲ့ သူ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားတို “Dear Basketball” နဲ့ ၂၀၁၈ ခုနှစ်မှာ အကောင်းဆုံး အန်နီမေးရှင်း ရုပ်ရှင်ကားတို ဆုကို ရရှိခဲ့ပါတယ်။ Los Angeles Lakers စတား Kobe ဟာ အဲ့ဒီရုပ်ရှင်ကို ကိုယ်တိုင်ထုတ်လုပ်ပြီး သူ့အသံကိုပါ အသုံးပြုစေခဲ့ပါတယ်။
သူကွယ်လွန်ပြီးတဲ့နောက် အကယ်ဒမီအဖွဲ့က Instagram မှာ “NBA မှာ ကလေးလေးတယောက်က လုပ်နိုင်ပါ့မလား ဆိုပြီး သူတို့တွေက သံသယဖြစ်ခဲ့ကြတယ်။ သူတို့မှားတယ်ဆိုတာကို သူက သက်သေပြခဲ့တယ်။ ချန်ပီယံရှစ်ပြိုင်ပွဲမှာ သူနိုင်ပါ့မလားဆိုပြီး သူတို့တွေက သံသယဖြစ်ခဲ့ကြတယ်။ သူတို့မှားတယ်လိုတာကို သူက သက်သေပြခဲ့တယ်။ သူရုပ်ရှင် ဖန်တီးနိုင်ပါ့မလားဆိုပြီး သူတို့တွေ သံသယဖြစ်ခဲ့ကြတယ်။ သူအော်စကာရခဲ့တယ်”ဆိုပြီး ချီးမွမ်းပြောဆိုခဲ့ပါတယ်။
အကယ်ဒမီအဖွဲ့က “တခြား ကြီးမြတ်တဲ့ အနုပညာရှင်တွေလိုပဲ သူ့ကို သံသယဖြစ်သူတွေ မှားသွားပြီဆိုတာ သက်သေပြခဲ့ပါတယ်။ ငြိမ်းချမ်းစွာ အနားယူပါတော့” လို့ ရေးသားခဲ့ပါတယ်။
တခြားအဖွဲ့အစည်းတွေကလည်း Kobe အတွက် ဂုဏ်ပြုစကားတွေ ပြောဆိုနေကြပြီး သူကွယ်လွန်ပြီးတဲ့နောက် Los Angeles Lakers ရဲ့ ကစားပွဲတခုကိုလည်း ရွှေ့ဆိုင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဂရမ်မီဆုပေးပွဲမှာလည်း သူ့ကို ဂုဏ်ပြုတဲ့အစီအစဉ် ပြုလုပ်ခဲ့ပါတယ်။
Ref: aceshowbiz
You may also like these stories:
ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ကမ္ဘာကျော် ဘတ်စကက်ဘော ကစားသမား Kobe Bryant ကွယ်လွန်